By MPA CJ 012
လျှပ်စစ်ဓါတ်အား ရရှိရန်အတွက် မိမိအစီအစဉ်ဖြင့်သာ လုပ်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး အမှတ် (၁/၂၀၂၃) တွင် ပြောဆိုလိုက်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များ၊ Solar System များ အသုံးပြု၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်စေလိုကြောင်းလည်း အာဏာသိမ်းခေါင်းဆောင်က အသိပေးခြင်းဖြစ်သည်။
“အမတို့က အာဏာသိမ်းပြီးနောက်မှ စလုပ်ဖြစ်တဲ့ အသေးစားအလုပ်ပါပဲ။ အိမ်စက်ရုံဆိုတော့ အလုပ်သမားက အယောက် ၂၀ လောက်နဲ့ပဲ လည်ပတ်နေတာပေါ့နော်။ စပြီး လုပ်တည်းက အစိုးရပေးတဲ့ လျှပ်စစ်မီးက မှန်မှန်မရတာပါ။ စလည်ပတ်တည်းကလည်း ကိုယ့်ဘာသာပဲ မီးကိုစီစဉ်ပြီး အလုပ်လုပ်ရတာပေါ့နော်။ မီးစက်နဲ့လည်ပတ်ရတာပေါ့လေ။ ဆီဈေးကလည်း တက်တော့ အလုပ်က သိပ်တွင်ကျယ်တယ်တော့ မရှိဘူး”ဟု တောင်ဒဂုံမြို့နယ်ရှိ အသေးစား စက်ချုပ်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီမှ လျှပ်စစ်ဓါတ်အား ရရှိရန်အတွက် ကိုယ့်အစီအစဉ်ဖြင့်သာ လုပ်ဆောင်ရန် ပြောသည့်အပြင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းကလည်း ပြည်သူများထံမှ ပိုလျှံသော လျှပ်စစ်ဓါတ်အားများအား ပြန်လည်ဝယ်ယူကြောင်း ကြေညာခဲ့သေးသည်။
“ဖယောင်းတိုင်ထွန်းဖို့ ပြောတာနဲ့ အတူတူပဲလေ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ပါလို့ပြောတာက။ အရင်ကလောက်တော့ မီးကမပျက်ပေမယ့် အခုလည်း မီးက မမှန်ပါဘူး။ အစိုးရတစ်ရပ်အဖြစ် ဖော်ဆောင်နေပြီး အခုလိုပြောတာကတော့ တာဝန်မဲ့ရာကျတာပေါ့။ လျှပ်မီးတောင် ပြည်သူတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ခိုင်းတဲ့ သူတွေက လျှပ်စစ်ရထားတွေ၊ ကားတွေကို ပြေးဆွဲဦးမယ်လို့က ပြောသေးတယ်”ဟု ရန်ကုန်မြို့ သာကေတမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် အတွင်းကလည်း နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘက်စ်ကားများ ပြေးဆွဲမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် စစ်ခေါင်းဆောင်အနေဖြင့် ယခု ၂၀၂၃ ခုနှစ် ဧပြီမှ စတင်ကာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်သည် ၎င်းတို့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ကြောင်း ဝန်ခံလာခဲ့သည်။
“ပြည်သူတွေက မီးကို အလကားယူသုံးနေတာမှ မဟုတ်တာ ကျသင့်တဲ့ ဘေလ်ကို ဆောင်ပြီးမှ သုံးနေတာလေ။ ဒါကိုတောင် မီးမှန်အောင်လုပ်မပေးနိုင်ဘူးဆိုတော့ တာဝန်မဲ့လွန်းရာ ကျတာပေါ့။ မီတာခကျတော့ သူတို့ စိတ်ထဲရှိတဲ့အတိုင်း ရမ်းသမ်းဖတ်သွားတယ်။ သူတို့ ဖတ်သွားတဲ့ ယူနစ်အတိုင်း ဆောင်ရတယ်”ဟု ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။
လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုတစ်ခုဖြစ်သောကြောင်း လျှပ်စစ်ဓါတ်အား ရရှိရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း စစ်ကောင်စီက ဆိုသည်။
“မီးတွေက အခုလည်း မမှန်ပါဘူး။ ပျက်နေတာပဲလေ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ လုပ်နေရတာပဲကို။ ဖယောင်းတိုင်ရှိနေတာပဲဟာ အဆင်ပြေပါတယ်။ ချက်ပြုတ်ဖို့လည်း မီးသွေးရှိတယ်”ဟု ရန်ကုန်မှ ဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၂ နှစ်ကျော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရအား ဖြုတ်ချကာ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးများ မှန်မှန်မရခြင်းနှင့် ကြုံတွေ့နေရသလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားသည့်အပြင် ပြည်သူများ၏ လုံခြုံရေးနှင့် စီးပွားရေးများလည်း ကမောက်ကမ ဖြစ်ခဲ့ရသည်။
စစ်ကောင်စီအနေဖြင့် လျှပ်စစ်မီးမှန်အောင် မပေးနိုင်သည့်အတွက် လူမှုကွန်ရက်တွင် ရုပ်သံလွှင့်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လျှပ်စစ်ဝန်ကြီးဌာနအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ဟစ်ဟော့ အဆိုတော် ဗျူဟာသည်လည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။