တော်လှန်ရေး ရဲဘော်များအား ၃ ကြိမ်တိုင် ဖမ်းဆီးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ကံတလူတိုးဂိတ်အား UNICorn ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အဲ့ဒီ ကံတလူတိုးဂိတ်မှာ ကျွန်တော်တို့ ရဲဘော်တွေ ၃ ကြိမ်လောက်ရှိပြီ အဖမ်းခံရတာ။ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေလည်း အဲ့ဒီဂိတ်မှာ ခဏတိုင်းကို ဖမ်းခံထိတယ်။ ပြီးတော့ အဲ့ဒီဂိတ်မှာ စခန်းချထားတဲ့ စကစတွေက ခရီးသွားပြည်သူတွေဆီက ငွေညစ်တယ်။ ပြည်သူတွေအနေနဲ့ ဆိုင်ကယ်ကိုလည်း နှစ်ယောက်စီးရင် ပစ်ပြီး ဖမ်းတယ်”ဟု UNICorn ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အား UNICorn ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲနှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ကတော့ စစ်ဆင်ရေးကို စကစတွေအတွက် လုပ်တာ။ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့တော့ အသက်ကို အာမခံနိုင်ပါဘူး။ တစ်ခုခုဖြစ်ခဲ့ရင်လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ”ဟု ၎င်းက ဆက်ပြောသည်။
ကံတလူတိုးဂိတ်သည် ရွှေတောင်ကုမ္မဏီလက်အောက်ခံ တိုးဂိတ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူများအား မကြာခဏဆိုသလို အစစ်အဆေးလုပ်လေ့ရှိသလို ငွေကြေးတောင်းခံခြင်းများ ရှိသည့် ဂိတ်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ဒီနေ့တော့ ကံတလူတစ်ဝိုက်ကို အစစ်အဆေးတွေ လုပ်တယ်။ အရင်ကထက် ပိုလုပ်တာပေါ့။ အဲ့ဒီ ဂိတ်နားတစ်ဝိုက်မှာလည်း ဒရုန်းဖျက်တဲ့ စက်တွေကို တပ်ထားတယ်။ ဒီစက်တွေ တပ်ထားရင်တော့ ဒရုန်းတွေ ပျက်ကျနိုင်တာပေါ့နော်။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ မစ်ရှင်ကို ရအောင်ဖော်ဆောင်မှာပါ။ မနေ့ကတော့ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးကြဲချပြီး
တိုက်ခိုက်ခဲ့ပါတယ်”ဟု UNICorn ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ ကံတလူတိုးဂိတ်တွင် အစစ်အဆေးများအား ပိုလုပ်ဆောင်နေသော်လည်း ပြည်သူများအနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ကြုံတွေ့နေရသည်ကို မသိရသေးဟုလည်း ဆိုသည်။
တော်လှန်ရေးရဲဘော်များသည် ကံတလူတိုးဂိတ်တွင် မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းခံရကာ ယင်းတိုးဂိတ်တွင် ဖြတ်သန်းသွားသည့် ပြည်သူများထံမှလည်း ငွေကြေးကောက်ခံမှုများ ပြုလုပ်သည့်အတွက် စစ်ဆင်ရေးအား UNICorn ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix (SGG) နှင့် Fight For Federal၊ Black Cat တို့မှ ယမန်နေ့ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပူးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
UNICorn ယူနီကွန်းပြောက်ကျားတပ်ဖွဲ့အနေဖြင့် လက်ရှိတွင် ပြည်သူလူထု၏ ထောက်ပံ့မှုများအား အရေးပေါ်လိုအပ်နေသဖြင့် ပြည်သူများအနေဖြင့်လည်း ကူညီပေးရန်အတွက် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။