စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့နယ် ရွာသာယာရွာသို့ ယနေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စင်း လာရောက်ကာ ဗုံးကြဲတိုက်ခိုက်သွားကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ အင်းတော်မှာ ဒီနေ့ မနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်နေတာ။ မနက် ၁၁ နာရီ ၂၀ လောက်ကျတော့ သူတို့ (စစ်ကောင်စီ) ဘက်က ဂျက်ဖိုက်တာတွေနဲ့ မြစ်ကြီးနားဘက်ကနေ တက်လာပြီးတော့ ဗုံးကြဲသွားတာ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က စစ်ကောင်စီဘက်မှ ဗန်းမောက်မြို့နှင့် အင်းတော်မြို့နယ်ကြားရှိ ရွာသာယာကျေးရွာအား ၈ မိနစ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြန်သွားခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှုအား မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရွာသာယာရွာ၌ နံနက် ၆ နာရီခန့်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် nစစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်နေပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အင်းတော်ကို လေယာဉ်နဲ့ ဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုကို စစ်တပ်က ထပ်ကျူးလွန်တာပဲ။ ဒီကိစ္စအပြင် အရှေ့မှာ ပဇီကြီးလို ရာနဲ့ချီသေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်တပ်က တိုက်လေယာဉ်တွေ နိုင်ငံတကာက ခွင့်မပြုတဲ့ လက်နက်တွေကိုပါ အသုံးပြုပြီး ပြည်သူတွေကို ရက်စက်စွာ ကျူးလွန်ခဲ့တာ။ အဲ့ဒါတွေကို အရေးယူနိုင်မယ့် အခြေအနေကို ဖော်ဆောင်ဖို့လိုတယ်။ ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲလည်း စစ်အုပ်စုကို တရားစွဲပေးဖို့ ဖမ်းဆီးပေးဖို့ကို တောင်းဆိုချင်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုမြတ်ကျော်က MPA သို့ ပြောသည်။
စစ်ကောင်စီသည် mကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက အနန့်ပါရွာကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ညတွင် လေကြောင်းမှ တဆင့် ဗုံးကြဲခဲ့သောကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဝန်ထမ်းများ၊ ကချင်အနုပညာရှင်များ၊ စီးပွားရေးသမားအချို့နှင့် အရပ်သားများ သေဆုံးခဲ့ရသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကိုလည်း စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက်နေ့တွင် လေယာဉ်နှင့် ပစ်ခတ်ခဲ့သဖြင့် ရွာထဲမှ စာသင်ကျောင်းတွင် ကျောင်းတက်နေသည့် ကလေးငယ် ၇ ဦး အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီသည် ကန့်ဘလူမြို့နယ် ပဇီကြီးရွာအား ဖျက်အားပြင်း ဗုံးများအသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် လူရာနှင့်ချီ သေဆုံးခဲ့ရသည်။