KNU – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်နှင့် ကျေးရွာစာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်ထားသည်။
ယင်းသို့ တိုက်ခိုက်မှုကို စစ်ကောင်စီတပ်၏ ခလရ-၆၀ တပ်ရင်းမှူးနှင့် ဗျူဟာမှူးဟိန်းထက်အောင်မှ ဦးဆောင်ကာ ၂၀၂၃ ခုနှစ် မေလ (၂၁) ရက်နေ့၊ နေ့လယ် ၁ နာရီ ၂၀ မိနစ်တွင် (၁) ကြိမ်၊ ၂ နာရီ ၁၅ မိနစ်တွင် (၁) ကြိမ် စုစုပေါင်း (၂) ကြိမ် Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ကုန်းကျေးရွာမှ ဒေသခံစောကြည်စိုး၏ နေအိမ်တစ်လုံး၊ စောစတူ (ခေါ်) စောကော်လယ်၏ နေအိမ်နှင့် ထင်းတဲ အပါအဝင် ကျေးရွာ စာသင်ကျောင်းတို့ ပျက်စီးခဲ့ရပြီး စောစတူ (ခေါ်) စောကော်လယ်၏ နေအိမ်သည် မီးလောင်ပြာကျခဲ့ရကြောင်း KNU−ဗဟိုက အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီမှ Drone အသုံးပြုတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ ” Drone နဲ့ ပစ်ခတ်တာက ဟုတ်ပါတယ်။ ကျတော်တို့ ခရိုင်မှာလည်း စကစမှ Drone နဲ့ သုံးတာရှိပါတယ်။ အဓိကအားဖြင့် ကော့ကရိတ်မြို့နယ်ကနေ စသိရပါတယ်။ စကစမှ ကော့ကရိတ်မြို့နယ်ရဲ့ တစ်ချို့နေရာတွေမှာ Drone နဲ့ သုံးတဲ့အတွက် ပြည်သူပိုင်အိမ် တစ်ချို့ပျက်စီးရပါတယ် “ ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောပြသည်။
နောင်ကုန်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၁၇) လုံးရှိပြီး လူဦးရေစုစုပေါင်း (၇၈၂) ဦးရှိကာ လက်ရှိအချိန်အထိ ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။
” စကစ Drone အဖွဲ့တွေက မော်လမြိုင် ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) မှာ သင်တန်းတက်ခဲ့တယ်။ ပြီးတော့ အရပ်သားကားနဲ့ ဗျူဟာတိုင်းမှာ ပို့ထားပြီး Drone ပစ္စည်းကို လေယာဥ်နဲ့ ပို့တယ်။ Drone နဲ့ သုံးတဲ့အတွက် ရဲဘော်တွေလည်း အမြဲသတိထားနေရပါတယ်။ အသံမကြားရတော့ သတိမထားမိကြဘူး ဖြစ်နေတယ်” ၎င်းက ထပ်မံဖြည့်စွက်ပြောသည်။
လက်ရှိတွင် KNU−မူးမြို့နယ်အတွင်း တည်ရှိသော ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနှင့် တပ်ကုန်းစသည့် ကျေးရွာပေါင်း (၁၈) ရွာမှ ကျေးရွာပြည်သူလူထုစုစုပေါင်း (၂၁,၈၈၀) ဦးအထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ Drone ဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်သည့်အတွက် KNU-မူးမြို့နယ်အတွင်း နေထိုင်သော ပြည်သူလူထုများအနေဖြင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
ထိုအခြေအနေများတွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခြင်းအပြင် တောမီးလောင်ခြင်းများကြောင့် ရွာလုံးကျွတ် ပြာကျရခဲ့သည့် ကျေးရွာများလည်းရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။