မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို တိုက်မိုင်းဆွဲခဲ့ရာ ရဲတပ်ကြပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။
မေလ ၂ ရက်၊နံနက် ၈ နာရီ၄၅မိနစ်ခန့်တွင် သရက်ကန်ပျူစောထီးရွာနှင့်စိုကန်ပျူစောထီးကျေးရွာကြား ကူးသန်းသွားလာနေကြသည့် ရဲ၊စစ်သားနှင့်ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းကို တိုက်မိုင်း ၂ လုံးဖြင့်မိုင်းဆွဲခဲ့ပြီး သေဆုံးသွားသည့် အလောင်းပတ်ဝန်းကျင်၌ ရပ်နေသည့် စစ်အုပ်စုဝင်များကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချထပ်မံတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ကထုတ်ပြန်သည်။
“တိုက်မိုင်း ၂ လုံး။လဲကျသွားတဲ့ အလောင်း ၂လောင်းနားမှာ ဝိုင်းပြီး ပြန်သယ်ဖို့လုပ်နေချိန် ဒရုန်း ၃ စီးနဲ့ ဗုံးသီးထပ်ချတာ။ဗုံးသီးချလို့ ထိခိုက်ဒဏ်ရာရ၊ မရတော့ မသိရသေးဘူး။စစ်ကြောင်းတွေက ဆက်တိုက်ထိုးနေတော့ သတင်းလိုက်လို့မရဘူး”ဟု မြိုင်(ပကဖ)တပ်ရင်း-၁ တာဝန်ခံ ဗိုလ်လက်ယာကပြောသည်။
သေဆုံးသွားသည့်အလောင်းများကို သရက်ကန်ပျူစောထီးရွာသို့သယ်ဆောင်သွားပြီး ပြင်းထန်ဒဏ်ရာရရှိသူကို ကျေးလက်ဆေးပေးခန်းတစ်ခုသို့ ပို့ဆောင်ထားကြောင်းသိရသည်။
စစ်အုပ်စုဝင်များ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၁၊တပ်ခွဲ ၁ ၊တပ်ခွဲ-၂ (ဂဠုန်)နှင့် TYK ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်၌ မြိုင်မြို့နယ်အတွင်း စစ်ကြောင်း ၃ကြောင်းဖြန့်၍ စစ်ကြောင်းထိုးနေကြောင်းသိရသည်။