ဝယ်ယူရန် အချိန်မမီလိုက်သော ပြည်သူများအတွက် ရဲရင့်နွေဦးကွန်ဒို ထပ်တိုးအခန်း ၂၃၀ ကို ဇန်နဝါရီ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီတွင် စတင် ရောင်းချပေးမည်ဟု သိရသည်။
ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၊ ၁၀၆ တပ်ပိုင်မြေနေရာတွင် ဆောက်လုပ်မည့် ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းပေါင်း ၇၇၀ ကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ရောင်းချခဲ့ရာ ၁၈ နာရီ အတွင်း တိုက်ခန်းအားလုံး အရောင်းထွက်ခဲ့ကာ တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ ဒဿမ၃၅သန်း ရရှိခဲ့ပြီးနောက် အခန်း ၂၃၀ ထပ်တိုးရောင်းမည်ဟု NUG အစိုးရ၏ တော်လှန်ရေးရန်ပုံ ငွေရှာဖွေပေးနေသည့် The End of Dictatorship (EOD)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်နွေဦးကွန်ဒိုကို ဝယ်ချင်သော်လည်း အချိန်မမီလိုက်သည့် ပြည်သူများအတွက် EOD ၏ အကြံပေး ပညာရှင်များနှင့်တိုင်ပင်ကာ အခန်း ၂၃၀ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။
“၂၀၂၃ ရဲ့ ပထမဆုံး EOD Project ဖြစ်တဲ့ Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို)ဟာ ရဲရဲတောက် ထောက်ပို့ ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို အထင်ရှားဆုံးပြလိုက်တဲ့ သက်သေပါပဲ”ဟု EOD ကဆိုသည်။
ရဲရင့်နွေဦးကွန်ဒို ထပ်တိုးအခန်း ၂၃၀ တွင် Studio အခန်း ၃၀၊ 1B အခန်း ၃၀၊ 2B အခန်း ၇၀ နှင့် 3B အခန်း ၁၀၀ တို့ပါဝင်သည်။
“တကယ်တော့ ရဲရင့်နွေဦး စီမံကိန်းဟာ ပြည်သူ့အောင်ပွဲ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်ရည်ရာ၊ အရေးတော်ပုံ မအောင်မြင်စရာ ဘာအကြောင်းမှမရှိ..”ဟု NUGအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
ဆက်လက်ပြီး လှိုင်သာယာ တံတားအဆင်း ဘယ်ဘက် (တပ်ထိပ်မှတ်တိုင်)ရှိ စစ်တပ်က မတရားသဖြင့် သိမ်းယူထားသော မြေနေရာတွင် နွေဦးစံရိပ်မွန်၁၊ တောင်ဒဂုံ အမှတ် (၂) လမ်းမကြီးပေါ် Pro-1 နှင့် မျက်စောင်းထိုးရှိ စစ်တပ်က မတရားသိမ်းထားသော မြေနေရာတွင် နွေဦးစံရိပ်မွန် ၂နှင့် မင်္ဂလာဒုံလေယာဉ်ကွင်းနှင့် ကပ်လျက် စစ်တပ်က မတရား သိမ်းယူထားသည့် မြေနေရာတွင် နွေဦးစံရိပ်မွန် ၃ ကို ဆက်လက် ဖော်ထုတ် ရောင်းချသွားမည်ဖြစ်ကြောင်း EOD ကထုတ်ပြန်ထားသည်။