ရန်ကုန်မြို့၊လှည်းတန်းစျေးရုံကြီးဘေး ၂လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဟု ဒေသခံများက ပြောဆိုသည့် စျေးသည် ညီအစ်မ ၂ဦးကို မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုမှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈နာရီ ၂၀မိနစ်ခန့်က လှည်းတန်းဆေးရုံကြီးဘေးကပ်ရက် လှည်းတန်း ၂လမ်းထိပ်တွင် ရာသီပေါ်သီးနှံရောင်းချသည့် စျေးသည် ညီအစ်မ၂ဦးကို အမည်မသိ မြေအောက်တော်လှန်ရေးအဖွဲ့မှ သေနတ်ဖြင့် လေးချက်လာရောက်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း ယင်းဒေသခံတစ်ဦးကပြောသည်။
“ဒီနေ့မနက် ၈နာရီ ၂၀မိနစ်လောက်က ပစ်ခံရတာ။ မာလကာသီးတို့ ဘာတို့ရောင်းတာ ။ သူတို့က ဒလန်တွေ။ သေမသေတော့ မသိဘူး။ ကျွန်တော်က မုန့်ထွက်စားတာ။ စျေးသည်တွေပစ်ခံရတယ်ဆိုပြီး လူတွေထွက်ပြေးကြလို့ အိမ်ပြန်ပြေးတာ ” ဟု လှည်းတန်း ၂လမ်းအနီးနေထိုင်သူတစ်ဦးကပြောသည်။
ယနေ့ နံနက် ၉နာရီ ၄၀မိနစ်တွင် လူနာတင်ယာဉ်ရောက်ရှိလာပြီး ပစ်ခတ်ခံရသည့် အမျိုးသမီး၂ဦးကို ဆေးရုံသို့ လာရောက်ခေါ်ဆောင်သွားကြောင်း အခင်းဖြစ်နေရာအနီးရှိ မျက်မြင်သက်သေတစ်ဦးကပြောသည်။
ပစ်ခတ်ခံခဲ့ရသည့် စျေးသည်ညီအစ်မ ၂ဦးမှာ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးအား သတင်းပေးပို့နေသူများဖြစ်သည်ဟု ထွက်ပေါ်နေသည့် သတင်းအချက်အလက်နှင့် ပက်သက်၍မူ MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယနေ့မနက် ၈နာရီ ၅၅မိနစ်ခန့်က လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သေနတ်ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်သူများပြားကြောင်းနှင့် အမျိုးသမီးတစ်ဦး ထိခိုက်မှု များစွာရှိကြောင်းဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း MPAမှ စုံစမ်းသိရသည်။
လက်ရှိမှာ အခင်းဖြစ်နေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရဲများလာရောက်ခြင်းမရှိဘဲ ယနေ့နံနက်ပစ်ခတ်မှုအကြောင်း မသိလိုက်သည့် ပြည်သူအချို့ ဖြတ်သန်းသွားလာမှုများရှိကြောင်း ဒေသခံများကပြောသည်။