ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်များတွင် လေကြောင်းအချက်ပေးစနစ်ထားရှိနိုင်ရန်အတွက် ရက္ခိုင့်တပ်တော်က ပြင်ဆင်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ရခိုင်မှာဆိုရင် မကြာခင်ရက်တွေက မင်းဖူးဆေးရုံကို လာပစ်သွားတာတွေ။ နောက်ပြီးတော့ သေကန်ရွာကိုလာပစ်သွားတာတွေ။ အဲဒီလိုသူတို့(စစ်ကောင်စီ)ဟာ ပစ်ချင်တဲ့အချိန်နဲ့ ညနက်သန်းခေါင် ပြည်သူတွေအိပ်နေတဲ့အချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့လာပြီးတော့ ပစ်နေကြတာရှိပါတယ်။ အဲဒါတွေကိုကာကွယ်နိုင်ဖို့အတွက်လည်း လေကြောင်းအချက်ပေးစနစ်တွေ ဘယ်လိုတပ်ဆင်နိုင်မလဲဆိုတဲ့ကိစ္စတွေကို ကျွန်တော်တို့ဘက်က စီစဥ်ဆောင်ရွက်နေတာတွေရှိပါတယ်” ဟု ဦးခိုင်သုခကပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အား ရှောင်ရှားနိုင်ရန်အတွက် လေကြောင်းအချက်ပေးစနစ်ထားရှိပြီး ကျန်မြို့နယ်များတွင် မရှိသေးကြောင်း ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။
“ကျောက်တော်မှာတော့ လေယာဉ်လာပြီဆိုရင် အချက်ပေးပြီး ကာကွယ်ရေးလုပ်ဖို့အတွက် သတိပေးတာမျိုးတွေရှိတယ်။ လေယာဉ်လာတဲ့အခါ သတိပေးချက်ရှိတော့ ခိုလှုံမယ့်နေရာတွေကို အမှီပြေးနိုင်တာပေါ့။ ၅၀ ရာခိုင်နှုန်းလောက်တော့ လုံခြုံတာပေါ့။ အချက်ပေးစနစ်ကတော့ ကျောက်တော်တစ်ခုတည်းမှာပဲ ရှိသေးတယ်လို့ ထင်တယ်။ ကျန်တဲ့မြို့တွေမှာလည်း ရှိစေချင်တယ် ”ဟု ၎င်းကဆိုသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများတွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းများအသုံးပြု၍ တိုက်ခိုက်မှုများမလုပ်ဆောင်နိုင်သော်လည်း အရပ်ဖက်ပစ်မှတ်များကို လေကြောင်းမှအချိန်မရွေး တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။
ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကလည်း “ပုဏ္ဏားကျွန်းကို သိမ်းလိုက်ပြီဆိုပေမယ့်လည်း လေကြောင်းရန်ကို ကြောက်နေရသေးတယ်။ ပုဏ္ဏားကျွန်းကို မသိမ်းခင် တခြားမြို့တွေကို သိမ်းထားတဲ့အချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းလာပြီဆိုရင် ရက္ခိုင့်တပ်တော်က အချက်ပေးတယ်။ ခိုလှုံဖို့အတွက် နေရာတွေပေးတယ်လို့ သိရတယ်။ အချက်ပေးစနစ်တွေ တပ်ပေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အချက်မပေးဘူးဆိုရင် ပြည်သူတွေကတော့ အမှတ်မထင်ဘဲ သွားလာလှုပ်ရှားနေကြတဲ့အခါ သတိမထားမိဘူးပေါ့။ မြို့နားကို လေယာဉ်ရောက်ခါမှ သိရတာမျိုးဆိုတော့ ထိခိုက်မှုတွေ အများကြီးရှိတာပေါ့။ မြို့တိုင်းလိုလိုမှာ တပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့”ဟု မှတ်ချက်ပြုပြောသည်။
စစ်ကောင်စီအနေဖြင့် လေကြောင်းအသုံးပြု၍ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ရာတွင် ပေါင် ၅၀၀ ဗုံးများကိုပါ အသုံးပြုမှုများရှိနေသဖြင့် ဗုံးခိုကျင်းများအတွင်းသို့ တိမ်းရှောင်သော်လည်း ထိခိုက်မှုများရှိကြောင်း ဒေသခံများထံက သိရသည်။