မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်ကောင်စီ ဖမ်းဆီးထားသည့်အထဲမှ ရိုဟင်ဂျာလူမျိုး ၄၀၀ ကို၊ ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့က မောင်တောခရိုင်သို့ ပြန်ပို့လိုက်ကြောင်း စစ်ကောင်စီ၏ မောင်တောခရို င်မှ လဝကဝန်ထမ်းများက အတည်ပြုပြောကြားသည်။
အဆိုပါ ရိုဟင်ဂျာများထဲတွင် မောင်တောမြို့နယ်မှ ၂၅၈ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၁၂၉ ဦး ပါဝင်ကြောင်း ဆိုသည်။
” သူတို့ကို ဖမ်းဆီးရမိစဥ်က သူတို့ပြောပြတဲ့ နာမည်၊ နေရပ်လိပ်စာအတိုင်း ဟုတ်မဟုတ်စီစဥ်ပြီး ဟုတ်တဲ့သူတွေကို အဲဒီအတိုင်း ပြန်ပို့ပေးတာပါ” ဟု မောင်တောခရိုင်မှ လဝကဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။
ထို ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပြန်လည်ပို့ဆောင်ထိန်းသိမ်းထားပြီး ထိုမှတဆင့် ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့က အောင်တံခွန်သင်္ဘော ၂ စင်းဖြင့် ဘူးသီးတောင်မြို့သို့ ပို့ဆောင်ခြင်းဖြစ်သည်။
ထို ဘူးသီးတောင်သင်္ဘောဆိပ်တွင် ပြန်လည်စိစစ်ပြီး မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို ကားကြီး ၇ စီဖြင့် ယူဆောင်ကာ မောင်တောမြို့ပေါ်တွင်ပြန်လည် စိစစ်ပို့ဆောင်ပေးနေခြင်းဖြစ်သည်ဟု ဆောင်ရွက်ပေးနေကြသည့် စစ်ကောင်စီဝန်ထမ်းများက ဆိုကြသည်။
” ဒီမှာက အမိုးဖွင့် အကျည်းထောင်မို့ တခြားဒေသကို အသက်စွန့်လို့ ရှိသမျှကိုစွန့်လို့ သွားကြတာပါ။ ဖမ်းဆီးထောင်ချပြီး ပြန်ပို့တော့ ပြန်ပြီး အကျည်းထောင်ထဲကို ပြန်ရောက်လာကြတာပါပဲ” ဟု မောင်တောမြို့ပေါ်နေ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို တရားမဝင် နိုင်ငံသားဟု သတ်မှတ်ပြီး ခရီးသွားလာခွင့်များကို ဥပဒေအရ ကန့်သတ်ကာ ဖမ်းဆီးရမိပါက လကဝဥပဒေများဖြင့် အမှုဖွင့်အရေးယူကာ ထောင်ဒဏ်ချမှတ်မှုများလည်း ရှိနေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးကြသည့် ရိုဟင်ဂျာအများအပြားရှိနေပြီး လမ်းခရီးတွင် ဖမ်းဆီးခံရမှုများအပြင် သတ်ဖြတ်ခံရမှုများလည်း ရှိနေသည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။
ထိုကဲ့သို့ နေရပ်စွန့်ခွာကြသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည့်အတွက် လမ်းခရီးတွင် အစာရေစာပြတ်ငတ်ပြီး သေဆုံးမှုများနှင့် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်းများကိုပါ ခံနေကြရသော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။