ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ဇန်နဝါရီလ ၆ ရက်၊ ယနေ့နံနက်က မောင်တောမြို့ပေါ်တွင် လက်နက်အပြည့်အစုံဖြင့် နှစ်ဘက်တင်းမာမှုများဖြစ်ခဲ့ကြောင်း မြို့ခံများက အတည်ပြုပြောပြသည်။
အဆိုပါ အေအေတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီဖမ်းဆီးထားပြီး ပြန်လွှတ်ပေးလိုက်သည့် တက္ကသိုလ်ကျောင်းသူကို မြို့ပေါ်သို့ လိုက်ပို့လာခြင်းဖြစ်သည်။
ထိုကဲ့သို့ လိုက်ပို့လာစဥ် မောင်တောမြို့အဝင်ဝရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်ခိုင်းသဖြင့် မရပ်တန့်ခဲ့သည့်အတွက် ကားနှစ်စီးဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဆယ်ကျော် နောက်မှလိုက်လာသောကြောင့် အခြေအနေတင်းမာခဲ့ခြင်းဟု ဆိုကြသည်။
” ကားရပ်ထားတော့ ရဲတွေက ကားနဲ့လိုက်လာပြီး သေနတ်တွေနဲ့ ချိန်ထားကြတယ်။ ကားပေါ်ကဆင်းပြီး ကားကိုစစ်မေးဆိုတော့ အေအေကလည်း သေနတ်နဲ့ပြန်ချိန်ပြီး ပြန်ပစ်ဖို့ လုပ်ပါတယ်။ အေအေက ကလေးမလေးကို လာပို့မှန်း သိသွားမှ ပြန်သွားကြပါတယ်” ဟု အနီးရှိ ဒေသခံမျက်မြင်တစ်ဦးက ဆိုသည်။
ထို နေရာမှာ မောင်တောမြို့ပေါ် မြို့မစျေးအနီးရှိ မူကြိုကျောင်းအနီးက လမ်းပေါ်တွင်ဖြစ်ပြီး လူစည်ကားနေချိန်ဖြစ်သဖြင့် ပစ်ခတ်မှုများဖြစ်မည်ကို စိုးရိမ်နေခဲ့ကြသည်ဟုလည်း မြို့ခံများက ဆိုကြသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ၂၆ ရက်နေ့မှစတင်ပြီး ရုတ်တရက် ယာယီအပစ်ရပ်ထားကြသော်လည်း နှစ်ဘက်စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။
” မြို့ထဲမှာ ပစ်ခတ်မှုတွေဖြစ်သွားမှာ၊ တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုတော့ စိုးရိမ်တာပေါ့။ အေအေကလည်း မြို့ပေါ်ထိ ပေါ်ပေါ်တင်တင်တခါမှ မလာဖူးပါဘူး။ အခုကလည်း ကလေးမလေးကို ပို့ဖို့လာတာပါ” ဟု ထိုဖြစ်စဥ်အနီးရှိ မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းကုန်းများအပါအဝင် စခန်း ၃၀ နီးပါးကို အေအေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကြောင့် မောင်တောမြို့နယ်အတွင်း နှစ်ဘက်စစ်ရေးလှုပ်ရှားမှုများနှင့် တင်းမာမှုများ ယနေ့အထိရှိနေပြီး ယနေ့နံနက်က ဖြစ်စဥ်ကြောင့် မြို့ပေါ်နေရာများနှင့် မြို့အဝင်အထွက် နေရာများကို လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း မြို့ခံများက ဆိုကြသည်။