ရက္ခိုင့်တပ်တော် (AA )က ဖမ်းဆီးထိန်းသိမ်းထားသည့် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ ၈ ဦးကို ဇူလိုင် ၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ပြန်လွှတ်ပေးလိုက်သူများမှာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုရားပြင်အောင်ပ၊ ဖုံညိုလိပ်၊ ရေချမ်းပြင်ရွာသစ် စသည့် ရိုဟင်ဂျာကျေးရွာများမှ ၂၀၂၁ ခုနှစ် နှင့်၂၀၂၂ခုနှစ် အတွင်းတွင် ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာများဖြစ်သည်။
” ခုလိုမျိုးလွှတ်ပေးလိုက်တာ ဝမ်းသာပါတယ်။ ပွဲတော်ရက်မှာ မိသားစုနဲ့တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်လွတ်လပ်စွာ နေလို့ရသွားပါတယ် ” ဟု ပြန်လွတ်လာသည့် ဘူးသီးတောင်မြို့နယ် ၊ ဖုံညိုလိပ်ကျေးရွာမှ မာမတ်ရော်ဖီးက MPA သို့ပြောသည်။
ထိုလွတ်လာသူများမှာ ဘုရားပြင်အောင်ပရွာမှ မော်လဝီမာမောက်တာမီ၊ ခေါ်လီမူလ္လာ၊ အာယက်ဖိုယာ၊ ဖုံညိုလိပ်ရွာမှ မာမတ်ရော်ဖီး၊ မာမောက်တူဆောင်း၊ နိုရ်ရူဆာဒိတ်၊ မာမောက်အာယာစ် နှင့် ရေချမ်းပြင်ရွာသစ်မှ အဒူချုပ်ကူတို့ဖြစ်သည်။
၎င်းတို့ကို ရက္ခိုင့်တပ်တော်(AA)၊ တပ်မဟာ(၂) စစ်ဒေသထဲတွင်ပါဝင်သည့် ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင် ရိုဟင်ဂျာကျေးရွာရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ” မွတ်ဆလင်ရေးရာဆက်
ဆံရေးဌာန ” တွင် ဇူလိုင်လ ၉ ရက်နေ့က အခမ်းအနားဖြင့် မိသားစုထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။
” ခုလိုမျိုး အပြန်အလှန် နားလည်မှုရှိတာ၊ လုပ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဟန်ပြ အခွင့်အရေးလုပ်ပြတာ မဟုတ်ဘဲ တကယ့် မူဝါဒတစ်ရပ်အနေနဲ့ ရှိဖို့လိုအပ်ပါတယ် ” ဟု ဘူးသီးတောင်မြို့ပေါ်နေ ရိုဟင်ဂျာ ဘာသာရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။
ထိုနေ့က အစ္စလာမ်ဘာသာရေးပွဲတော် “ ကုရ်ဘာနီနေ့” အထိမ်းအမှတ်အဖြစ် ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာ၂၂ ရွာမှ ရိုဟင်ဂျာလူမျိုး ၄၅၀ ဦးအတွက် အဝတ်အထည်များ လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား အာဏာအားပြိုင်မှုများ ပြင်းထန်နေပြီး အေအေဖက်က သူတို့ကိုယ်သူတို့ ” ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့ ” ဟု သုံးနှုန်းပြောဆိုပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ ပြုလုပ်နေသည်။