အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ဆက်စပ်သည့် ငွေကြေးဝန်ဆောင်မှုများကို ပိတ်ဆို့ဒဏ်ခတ်လိုက်ပြီး မြန်မာစစ်အရာရှိများနှင့် ထောက်ခံသူများအပေါ် ထပ်လောင်းအရေးယူမှုများ ယနေ့တွင် ချမှတ်လိုက်သည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ အကျိုးအမြတ် သို့မဟုတ် အချို့သော ငွေကြေးဝန်ဆောင်မှုများကို တားမြစ်ကြောင်း ညွှန်ကြားချက်အသစ်ကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
MOGE ကို ပိတ်ဆို့အရေးယူခြင်းသည် မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်ရန် စစ်အုပ်စု၏ လက်နက်များဝယ်ယူနိုင်မှုစွမ်းရည်ကို ကျဆင်းသွားစေရန် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထို့အပြင် OFAC သည် အမိန့် (E.O.) 14014 အရ မြန်မာစစ်အစိုးရနှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်း သုံးခုနှင့် လူငါးဦးကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို နှိမ်နှင်းခြင်း၊ အိုးအိမ်များနှင့် အခြေခံအဆောက်အအုံများ ဖျက်ဆီးခြင်း၊ လူသန်းပေါင်းများစွာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခြင်း စသည့် လုပ်ရပ်များ ကျူးလွန်ခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို ဆက်လက်တည်မြဲစေရန် သို့မဟုတ် ကူညီဆောင်ရွက်ပေးသော အစိုးရအရာရှိများနှင့် ခရိုနီများအပါအဝင် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား ပိတ်ဆို့အရေးယူကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းလည်းဖြစ်သည်။