အသက် ၅၀ အရွယ် တောင်ကိုရီးယားမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံမှ ပြန်လာပြီးနောက် Naegleria fowleri ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသွားသည်ဟု တောင်ကိုရီးယား အာဏာပိုင်တွေက ပြီးခဲ့သည့် တနင်္လာနေ့တွင် အသိပေးသည်။
Naegleria fowleri ခေါ်သည့် ရောဂါပိုးသည် “ဦးနှောက်စား အမီးဘား”ဟု လူသိများပြီး ဆဲလ်တစ်ခုတည်းသာ ပါသော ယင်းပိုးသည် လူသားများကို ကူးစက်နိုင်သည့် သက်ရှိများဖြစ်သည်ဟု သိရှိရသည်။
၎င်းတို့သည် အမှန်တကယ် ဦးနှောက်ကို မစားသော်လည်း ကူးစက်ခြင်းခံရသည့် အခါတွင် ဦးနှောက် ပျက်စီးခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း စသည့် ဝေဒနာများ ခံစားရပြီး အသက်အန္တရာယ်ပါ ထိခိုက်စေသည်ဟု ဆိုသည်။
ယခုလို ကူးစက်ပြီး သေဆုံးမှုသည် တောင်ကိုရီးယားနိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အသိပေးထားသလို တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA) ကလည်း ယင်းအဖြစ်အပျက်အတွက် အတည်ပြုထားသည်။
ယင်း ရောဂါပိုးကြောင့် သေဆုံးသွားသော အမျိုးသားသည် ထိုင်းနိုင်ငံတွင် လေးလကြာ နေထိုင်ခဲ့ပြီးနောက် ယခုလ ဒီဇင်ဘာ ၁၀ ရက်တွင် တောင်ကိုရီးယားသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်ဟု သိရှိရသည်။
ထိုသို့ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် ၎င်းအမျိုးသားအနေဖြင့် ဆေးရုံတက်ခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က သေဆုံးသွားခြင်းဖြစ်သည်။
KDCA က ၎င်းသည် Naegleria fowleri ဖြင့် သေဆုံးရသည့်အကြောင်းရင်းကို အတည်ပြုနိုင်စေသည့် ရောဂါပိုး အမျိုးအစားသုံးမျိုးတွင် မျိုးရိုးဗီဇစမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။
စမ်းသပ်မှုတွင် အမျိုးသား၏ ခန္ဓာကိုယ်အတွင်းရှိ ဗီဇသည် ဦးနှောက်အမြှေးရောင်လူနာတွင် တွေ့ရှိရသည့် လက္ခဏာနှင့် ၉၉.၆ ရာခိုင်နှုန်းအထိ ဆင်တူကြောင်း အတည်ပြုထားသည်။
ဦးနှောက်စား အမီးဘားကောင်တွေကို ရေချိုအိုင်တွေ၊ အပူပိုင်းဒေသတွေ၊ ကျောက်ဆောင်တွေ၊ ရွှံ့နွံတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ သန့်စင်ထားခြင်းမရှိသည့် ရေတွေ၊ ရေပူစမ်းတွေ၊ ဖုန်မှုန့်တွေ အတွင်းမှာ မြင်တွေ့နိုင်သည်ဟု သိရှိရသည်။ အမီးဘားသည် နှာခေါင်းမှ ရှူသွင်းခြင်းဖြင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ဦးနှောက်ထဲသို့ ရောက်သွားတတ်သည်။
ကနဦးရောဂါလက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အော့အန်ခြင်းတို့ ပါဝင်နိုင်ပြီး နောက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ အော့အန်ခြင်းနှင့် လည်ပင်းတောင့်တင်းခြင်းတို့ကို ဖြစ်စေနိုင်သည်ဟု KDCA က အသိပေးထားသည်။
Naegleria fowleri သည် လူသားအချင်းအချင်း ကူးစက်ခြင်းမဖြစ်နိုင်သော်လည်း ရောဂါဖြစ်ပွားသည့် ဒေသများနှင့် ရပ်ကွက်များတွင် ရေကူးခြင်းကို ရှောင်ကြဉ်ရန် KDCA က အသိပေးထားသည်။ အများစုမှာ ရေကူးခြင်းမှ စတင်တတ်သည်ဟုလည်း အသိပေးသည်။
အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ အပါအဝင် ၂၀၁၈ ခုနှစ် စာရင်းအရ ကမ္ဘာတစ်ဝှမ်းတွင် Naegleria fowleri ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၃၈၁ ဦးရှိကြောင်း သိရသည်။