လူမျိုးတမျိုးအတွက် စာပေဆိုင်ရာ ယဉ်ကျေးမှုသည် အလွန်အရေးကြီးလှသည်။ ထူးခြားသော ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ သမိုင်းကြောင်းနှင့် အသိုင်းအဝိုင်းများအကြား ဆက်ဆံရေးအတွက် စာပေနှင့်ဘာသာစကားက များစွာ အထောက်အကူပြုသည်။
လူမျိုးစုများ၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုသည် လူ့အဖွဲ့အစည်းအတွင်း ပါဝင်နိုင်မှု၊ စာနာမှုနှင့် လူမှုရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် မရှိမဖြစ် ဖြစ်သည်။ ထို့အပြင် လူ့အတွေ့အကြုံကို စိန်ခေါ်၊ လှုံ့ဆော်မှုနှင့် ကွဲပြားသော အသံများ၊ သမိုင်းဇာတ်လမ်းများကို ပေးခြင်းဖြင့် လူ့ယဉ်ကျေးမှုကို အရောင်တောက်စေသည်။
မျက်မှောက်ခေတ်တွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် စာပေ၊ ဘာသာစကား ယဉ်ကျေးမှုအတွက် တိုက်ပွဲဝင်နေသည့် လူမျိုးစုတစုရှိနေသည်။ ယင်းမှာ ချင်း (ဇိုမီး) လူမျိုးများဖြစ်သည်။ ၎င်းတို့သည် စာပေအတွက် ခေတ်အဆက်ဆက် လက်လှမ်းမီသလောက် ကြိုးပမ်းခဲ့ကြသည်။
ချင်း (ဇိုမီး) တို့သည် ၎င်းတို့တွင် ကြီးမားသည့် စာပေ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ခေတ်အဆက်ဆက်နှင့် လက်ရှိ ရင်ဆိုင်နေရသည့် ပြည်တွင်း ပဋိပက္ခများ၊ ဖိနှိပ်ချုပ်ချယ်မှုများကြားတွင်ပင် စာပေနှင့် ဘာသာစကား ယဉ်ကျေးမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသည်။
စာပေ၊ ဘာသာစကားနှင့် ပတ်သက်၍ သမိုင်းဆိုင်ရာ ယုံကြည်မှု
မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် နေထိုင်ကြသည့် ဇိုမီးတို့သည် ၎င်းတို့၏ မိခင်စာပေကို ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြသည်ကို တွေ့ရသည်။ စာပေသမိုင်းမှတ်တမ်းများအရ ခေတ် ၅ ခေတ် ဖြတ်သန်းခဲ့ပြီးနောက် အဆင့်ဆင့်တိုးတက်လာခဲ့ကြခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
ဇိုမီးတို့သည် သမိုင်းတစ်လျှောက် အရုပ်စာပေအသုံးပြုသောခေတ်၊ ပေါ်ကျင့်ဟောစာပေ (သို့မဟုတ်) တိုင်းရင်းသား စာပေပေါ်ထွန်းလာသောခေတ် (၃) မြန်မာစာပေရောက်ရှိလာသောခေတ် (၄) ရောမအက္ခရာ စာပေခေတ်နှင့် (၅) လွတ်လပ်ပြီးခေတ်ဟူ၍ အဆင့်ဆင့်ဖြစ်တည်လာခဲ့သည်ဟု ဆိုကြသည်။
ရှေးက ချင်းဘိုးဘေးတို့သည် သီချင်း၊ ကဗျာလင်္ကာ၊ စကားပုံ၊ ဆိုရိုးများဖြင့် ၎င်းတို့၏ သားစဉ်မြေးဆက်တို့ကို လက်ဆင့်ကမ်းခဲ့ကြသည်ဟုဆိုသည်။ ထိုကဲ့သို့ ကြိုးစား ပုံဖော်မှုများ ရှိခဲ့သော်လည်း ၎င်းတို့ စာပေ ယဉ်ကျေးမှုသည် ရှေးပဝေသဏီက ရှိခဲ့ဖူးကြောင်း အဆိုစကားသာ ရှိခဲ့ကြသည်။ ခိုင်လုံသည့် ပင်မ စာပေအထောက်အထားများ ယနေ့အချိန်အထိ မတွေ့ရှိခဲ့ကြောင်း ဇိုမီး (စာပေ) ရေးရာဆိုင်ရာ လေ့လာသူများက ဆိုသည်။
တီးတိန်(ဇိုမီး) ဘာသာစကားသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၏ မြောက်ပိုင်းဒေသများနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၏ အရှေ့တောင်ဒေသများတွင် အများအပြားပြောဆိုကြသော ဘာသာစကားတစ်ခုဖြစ်သည်ဟုလည်း မှတ်တမ်းများအရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၊ စစ်ကိုင်းရှိ ကလေးမြို့နှင့် မော်လိုက်မြို့တို့တွင်လည်း အများအပြား ပြောဆိုကြသေးသော်လည်း ဖလမ်း၊ မီဇို၊ မြန်မာ အစရှိသော ဘာသာစကားများတို့ကို ရောနှောပြောဆိုလေ့ရှိသည်ဟု ဆိုသည်။
“ချင်းလူမျိုးတွေမှာ ရှေးပဝေသဏီတုန်းက စာပေရှိခဲ့ဖူးကြောင်း အဆိုစကားရှိခဲ့တယ်။ ဒါပေမယ့် ခိုင်လုံတဲ့ အထောက်အထားတွေ ယနေ့အချိန်အထိ မတွေ့ရှိသေးဘူး။ စာပေ မရှိခင် ရှေးလူကြီးတွေက မှတ်သားလိုတဲ့ အရာများဟာ သီချင်း၊ ကဗျာလင်္ကာ၊ စကားပုံ၊ ဆိုရိုးများနဲ့ သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ မှတ်သားလိုတဲ့ ဂဏန်းအရေအတွက်များကို ကြိုးထုံးခြင်းဖြင့်လည်းကောင်း၊ သစ်သားပေါ်မှာ ခြစ်ရာများဖြင့်လည်းကောင်း၊ အောင်လောက်ပဲစေ့များ ပေါင်းခြင်း၊ နုတ်ယူခြင်းဖြင့်လည်းကောင်း တွက်ယူမှတ်သားကြပါတယ်။ လက်မှုပညာနဲ့ ယဉ်ကျေးမှု တိုးတက်လာတဲ့အခါ တန်ဖိုးထားတဲ့အကြောင်းအရာများကို သစ်သား၊ ကျောက်ပြားများပေါ်တွင် ရုပ်ပုံများ ထုဆစ်ခြင်းဖြင့်လည်းကောင်း မှတ်တမ်းတင်ထားခဲ့ကြပါတယ်”ဟု ဇိုမီးလူမျိုး ဒေါက်တာဆွင့်လျန်က ဆိုသည်။
ဇိုမီး စာပေနှင့် ဘာသာစကားအပေါ် အမြင်မတူမှုများ
ချင်းလူမျိုးအတွင်း၌ မတူညီသည့် လူမျိုးစုများ အသီးသီး ရှိနေသလို တစ်ဘက်တွင်လည်း စာပေ၊ ဘာသာစကားနှင့် ပတ်သက်၍ ကွဲပြားမှုများလည်း ရှိနေသည်ကို တွေ့ရှိနိုင်သည်။ ဇိုမီးစာပေကို ချင်းလူမျိုးတစ်ခုလုံး ကိုယ်စားပြု သတ်မှတ်ချက်ဖြင့် ခံယူထားသူရှိသလို လက်မခံသူများလည်းရှိသည်။
ရှေးက ချင်းလူမျိုးများသည် စာမဲ့ ပေမဲ့ဘဝဖြင့် ဖြတ်သန်းနေရချိန် ၁၈၉၉ ခုနှစ်တွင် ၎င်းတို့ညွှန်းဆိုသည့် အနန္တတန်ခိုးရှင် ပါးယှန်း၏ ဗျာဒိတ်တော်လာ သွန်သင်လမ်းပြပေးမှုဖြင့် ပေါ်ကျင့်ဟောက စာပေတစ်မျိုးကို ၂ နှစ်အတွင်း အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့သည်ဟု ဆိုသည်။
ထိုစာပေ ထွက်ရှိလာသည့်အတွက် ချင်းလူမျိုးတို့ ငံ့လင့်တောင်တနေသည့် စာပေအလိုရှိမှုနှင့် ချိန်သားကိုက်ခဲ့ရသည်။ ယင်း စာပေသည် ချင်းတောင်နေရာအနှံ့သို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။ ပထမဆုံး ထွက်ပေါ်သည့် စာပေဖြစ်သည့်အတွက် တီထွင်သူ ပေါ်ကျင့်ဟောအား လိုင်ပီအန်ပါးခေါ် စာပေတီထွင်သူအဖြစ် ဂုဏ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် အချိန်၊ နယ်ချဲ့ အင်္ဂလိပ်တို့ အုပ်စိုးစဉ်က ချင်းတောင်တွင် ဇိုမီးစာပေနှင့် ရောမစာပေ ဆိုသည့် အားပြိုင်မှုများ ရှိလာခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသား လှုပ်ရှားမှုတွင် မြန်မာစာတတ် ချင်းကျောင်းသားများ ပါဝင်သည်ကို အကြောင်းပြ၍ မြန်မာစာ သင်ကြားမှုကို ပိတ်ပင်လိုက်သည်။
မြန်မာစာအစား ချင်းစာကို ရောမအက္ခရာ တီထွင်ပြီး ပြဋ္ဌာန်းခဲ့သည်။ အချင်းအချင်းဆက်သွယ်၍ မရစေရန် တစ်ဒေသနှင့် တစ်ဒေသ အက္ခရာချင်း မတူအောင် တီထွင်ပြဋ္ဌာန်းလိုက်သည်။ ၁၉၂၄-၂၅ ခုနှစ်မှ စ၍ မြန်မာ စာသင်ကျောင်းအားလုံး ဖျက်သိမ်းပြီး ချင်းစာ (Roman Alphabet ကို အခြေခံသော) သင်ကြားသော မူလတန်း ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့သည်။
အင်္ဂလိပ်လက်အောက် ကျရောက်နေစဉ်အတွင်း ချင်းလူမျိုးတို့၏ ကိုယ်ပိုင်စာပေဖြစ်သော လိုင်ပီအန် ပေါ်ကျင့်ဟော စာပေနှင့် မြန်မာစာပေများ မှေးမှိန်လာပြီး ရောမအက္ခရာစာပေနှင့် အင်္ဂလိပ်စာပေများကိုသာ သင်ယူအသုံးပြုခဲ့ရတော့သည်။
ဇိုမီးစာပေသည် ချင်းတောင်တွင် အဦးဆုံးပေါ်ပေါက်ခဲ့သော်လည်း အင်္ဂလိပ်လက်အောက်တွင် ၎င်းတို့ ဘာသာစာပေ၊ ယဉ်ကျေးမှုများကိုပါ နယ်ချဲ့ခဲ့သည့်အတွက် ဇိုမီးစာပေအပေါ် ကွဲပြားသည့် အမြင်များ ရှိလာခဲ့သည်။ ထို့အပြင် ဇိုမီးနှင့်ချင်း၊ ချင်းနှင့်ဇိုမီးဆိုသည့် ခေါ်ဝေါ်မှုများပင်လျှင် ရှုပ်ထွေးသွားခဲ့သည်။ ချင်းဆိုသည့် အခေါ်အဝေါ်သည်ပင် မည်သည့်က ထွက်ပေါ်လာခဲ့သည်ကိုပင် မှတ်တမ်းများမရှိခဲ့ဟု ဆိုကြသည်။
ယင်းသို့ ကွဲပြားမှုများနှင့် ပတ်သက်၍ “အင်္ဂလိပ်တွေ ချထားခဲ့တဲ့ ကိုလိုနီမျိုးစေ့တွေ ကုန်ခမ်းလာတဲ့အခါမှာ ချင်းလူမျိုးတွေအားလုံး မှန်ကန်တဲ့ မျိုးချစ်စိတ်တွေ ပေါ်လာပြီး ဇိုမီးစာပေကို လက်ခံလာလိမ့်မယ်လို့ ယုံကြည်တယ်”ဟု ဒေါက်တာဆွင့်လျန်က သူ့အမြင်ကို ပြောပြသည်။
ဇိုမီးစာပေသည် ချင်းလူမျိုးများ၏ အပြောအဆိုနှင့် လေယူလေသိမ်းကို အခြေခံပြီး တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ အလွယ်ကူဆုံး၊ အသင့်လျော်ဆုံးဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာစာဖြင့် ချင်းစကားပြောသံများကို အလုံးစုံ မရေးသားနိုင်သလို ရောမအက္ခရာများကလည်း ချင်းလူမျိုးများ၏ စကားပြော၊ အသံထွက်ကို တိတိကျကျ မရေးမှတ်နိုင်ကြောင်း သိရှိရသည်။
ချင်းစကားပြောသံများသည် Tone Language ဖြစ်သည့်အတွက် အသံ အနိမ့်အမြင့်ကွာခြားသည်နှင့် အဓိပ္ပာယ်များလည်း ကွဲပြားသွားတတ်သည်။ ထိုကဲ့သို့ အသံအနိမ့်အမြင့်ကို တိတိကျကျ မှတ်သားပေးနိုင်သည်မှာ ဇိုမီးစာပေကသာ တတ်နိုင်ကြောင်း ဇိုမီးစာပေနှင့် ဘာသာစကား လေ့လာသူများက ယုံကြည်ကြသည်။
ချင်းလူမျိုးများအကြား ကွဲပြားသည့် ခံယူချက်များနှင့် မတူညီသည့်အစုအဖွဲ့များ ရှိသော်လည်း အချို့သော ချင်းလူမျိုးစုများက သမိုင်းဆိုင်ရာ အခြေအနေများနှင့် ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး၏ ရိုက်ခတ်မှုများကြောင့် လူမျိုးစုများအကြားနှင့် စာပေနှင့် ပတ်သက်၍ မစုစည်းနိုင် ဖြစ်နေရခြင်းကိုလည်း မီးမောင်းထိုး ပြောဆိုကြပြီး အားလုံးသည် ညီအစ်ကိုရင်းများသာဖြစ်ကြောင်း လက်ခံထားကြသည်။
ဇိုမီးလူမျိုးများသည် တီးတိန်၊ တွန်းဇံနှင့် ကျီခါး၊ တမူး၊ ကလေး၊ မန္တလေးနှင့် ရန်ကုန်မြို့ ရှိ မြို့နယ်အချို့တို့တွင် ပျံ့နှံ့နေထိုင်ကြပြီး ၂၀၁၄ ခုနှစ်အတွင်းပင် ယင်းနေရာများ၌ နေထိုင်သော ဇိုမီးလူမျိုး ၃ သိန်းကျော် ရှိကြောင်း မှတ်တမ်းများအရသိရသည်။
ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများအပေါ် စာပေကို တင်လာခြင်း
၂၀၁၀ ပြည့်နှစ်မှစ၍ ကယ်လီဖိုးနီးယား ယူနီဗာစတီတွင် Linguistic Okawo D Christopher နှင့် Anshuman Pandey တို့က တိုင်းရင်းချင်း (ဇိုမီး) စာပေအကြောင်း စာတမ်းပြုစုပြီး Unicode Character အဖြစ် အသုံးပြုနိုင်ရန် ကြိုးပမ်းခဲ့သည်။
၎င်းတို့၏ ကြိုးစားမှုကို အခြေခံပြီး ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများ၊ အွန်လိုင်းစနစ်များတွင် အသုံးပြုနိုင်ရန် လိုင်ပီအန် စာပေအဖွဲ့က ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် Window Os, Mac Os နှင့် Android Os စသည့် အမျိုးမျိုးဖြင့် Install ပြုလုပ်ပြီး အလွယ်တကူ အသုံးပြုနိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇိုမီးစာပေကို အသုံးပြုသင်ယူသူ သောင်းဂဏန်းခန့် ရှိနိုင်ကြောင်း ဇိုမီးစာပေ လေ့လာသူများက ခန့်မှန်းကြသည်။ ဇိုမီးစာပေကို အသုံးမပြုနိုင်သေးသော်လည်း လက်ခံလာသည့် လူမျိုးစုများ အတော်အတန်ရှိလာပြီဖြစ်ကြောင်းလည်း သိရှိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်တွင်ရှိသည့် မီဇိုနှင့် ကူကီးချင်းလူမျိုးများပင် လက်ခံစပြုလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အာဏာသိမ်းကာလ ဇိုမီးစာပေပျံ့ပွားမှု အခက်အခဲနှင့် မျှော်လင့်ချက်
ယခင်က မြေပြင်တွင်ဆင်းပြီး ဇိုမီးစာပေနှင့် ပတ်သက်၍ သင်ကြားနေမှုများမှ လက်ရှိ အာဏာသိမ်းကာလတွင် အွန်လိုင်းသင်ကြားရေးစနစ်ဖြင့်သာ သင်ကြားမှု ပြုလုပ်နိုင်တော့သည်။
စာပေတစ်ခုကို ထိန်းသိမ်းရသည့်အခါ အခက်အခဲပေါင်းများစွာ ကြုံရနိုင်သည်။ ထိုထဲတွင် အသုံးပြုမှု မရှိလျှင် မေ့ပျောက်လွယ်သည်။ ပုံမှန် အသုံးပြုနိုင်သည့် ပတ်ဝန်းကျင်မရှိသည့်အတွက် အချိန်ကာလကြာလာလေလေ ပိုမိုဆိုးရွားသွားနိုင်သည်။
“အရင်က စာအုပ်ပေါ်မှာ မမှတ်သားနိုင်တာ၊ မထုတ်ဝေနိုင်တာ၊ အသံမသွင်းနိုင်တာ၊ ဗီဒီယိုနဲ့ မှတ်တမ်း မတင်နိုင်တာဆိုတော့ တတ်တဲ့သူတွေကိုယ်တိုင် အားလပ်ရက်ပေးနိုင်မှ သင်ယူနိုင်တာဆိုတော့ လက်ဆင့်ကမ်း သင်ကြားရေးက အရမ်းခက်ခဲနေတယ်။ ဇိုမီးစာပေ တတ်တဲ့သူဟာ ပညာရေးနိမ့်ပါးသူ၊ စားဝတ်နေရေးခက်ခဲသူဆိုရင် သင်ကြားနည်းစနစ်နဲ့ အချိန်ပေးနိုင်ဖို့ ပိုခက်တဲ့အတွက် တစ်ခါတလေ ငါးနှစ်မှာ တစ်ခါတောင် သင်ကြားလို့ မရတဲ့အချိန်တွေလည်းရှိတယ်”ဟု ဇိုမီးလူမျိုး ဒေါက်တာဆွင့်လျန်က ရှင်းပြသည်။
ထို့ကဲ့သို့ အခက်အခဲများကြားမှ လက်ရှိ အာဏာသိမ်းကာလတွင် အွန်လိုင်း သင်ကြားရေးစနစ်များဖြင့် စာပေပျံ့နှံ့အောင် အားတက်သရော ဆောင်ရွက်လျက်ရှိနေသည်။ စာပေ၊ ဘာသာစကား တတ်မြောက်ထားသည့် ဆရာများအနေဖြင့် လက်လှမ်းမီသလောက် ဇိုမီးစာပေကို သင်ကြားပေးလျက်ရှိသည်။
“လက်ရှိမှာတော့ မြေပြင်မှာ သင်ကြားလို့ မရတော့။ အွန်လိုင်းကနေ သင်ကြားမှုတွေလုပ်ရတယ်။ နောက်အနာဂတ်မှာလည်း ကျတော်တို့ အဖိုးအခ အနည်းငယ်ယူပြီး ဇိုမီးစာပေကို ပျံ့ပွားအောင်လုပ်ဆောင်ဖို့ရှိတယ်။ အဖိုးအခ အနည်းငယ် ယူတယ်ဆိုတာကလည်း အလကားဆိုရင် စာပေကို တန်ဖိုးမထားမှာ စိုးလို့ပါ”ဟု လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ဇိုမီးစာပေသင်ကြားပေးနေသည့် ဇိုမီးလူမျိုးဆရာတစ်ဦးက ပြောပြသည်။
သမိုင်း မှတ်တမ်းအချို့အရ ဇိုမီးတို့သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် နေထိုင်ကြသော မျိုးနွယ်စု တစ်စုဖြစ်ပြီး နယ်ချဲ့ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှု မူဝါဒများကြောင့် မတူကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
သမိုင်းပညာရှင်အချို့၏ မှတ်ချက်များတွင်လည်း ဇိုမီးတို့သည် ဗြိတိသျှနယ်ချဲ့တို့၏ ဒဏ်ကို အဆုံးရွားဆုံး ရင်ဆိုင်ခံစားခဲ့ကြရသည့် လူမျိုးစုများဖြစ်ခဲ့ရသည်ဟုဆိုသည်။ ထိုသို့ ကြီးမားသည့် အခက်အခဲများကြားမှ စာပေငတ်မွတ်မှုအတွက် ကယ်တင်ရှင်ပေါ်လာခဲ့သော်လည်း ဖိနှိပ်မှုများနှင့်သာ ကြုံတွေ့ခဲ့ရသည်။ သို့သော် လက်ရှိအထိ ဇိုမီးတို့အနေဖြင့် ချင်းတောင်မှ ရှားရှားပါးပါး ပေါ်ထွန်းလာခဲ့သည့် စာပေကို ထိန်းသိမ်းရင်း စာပေတိုက်ပွဲကို ဆင်နွှဲလျက် ရှိနေသည်။