ဒေါ်လာစျေးသည် ကျပ် ၃၆၀၀ ဝန်းကျင်ထိ မြင့်တက်လာချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန်ကောလာဟလများကြောင့် ယခုကဲ့သို့ စျေးတက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၆ ရက်) က ထုတ်ပြန်ထားသည့် အဆိုပါ ထုတ်ပြန်ချက်တွင် ကျပ်နှစ်သောင်းတန် ထွက်ရှိမည်ဟူသည့် သတင်းကြောင့် မော်တော်ကားများ ၊ ဒေါ်လာများ ဝယ်စုနေကြပြီး ကားစျေးများလည်း အလွန်အမင်း မြင့်တက်နေကြောင်း ပါရှိသည်။
သို့သော် လက်ရှိတွင် ကျပ်နှစ်သောင်းတန်အား အသုံးပြုသူ မရှိသေးသလို၊ ယင်းငွေစက္ကူအသစ်နှင့် ပတ်သက်ပြီး ကောလာဟလ သတင်းများလည်း ပြန်နှံ့နေခြင်းမရှိသည်ကို ပြည်သူများထံမှ သိရသည်။
” အဲ့ဒီ နှစ်သောင်းတန်ကို ကျတော်တို့ ငွေချေတာတွေ လစာချေတာတွေမှာတောင် မလုပ်ဘူး။ ဘဏ်တွေကလည်း ထုတ်မပေးပါဘူး။ ဒီကိစ္စက ထပ်ပြီး ဟော့မနေသေးပါဘူး” ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး ကုမ္ပဏီတစ်ခုမှ အရောင်းမြှင့်တင်ရေး စီနီယာဝန်ထမ်းတစ်ဦးက ပြောသည်။
ပြင်ပစျေးကွက်၌ တစ်ဒေါ်လာ ကျပ် ၃၆၀၀ ထိမြင့်တက်လာမှုကြောင့် ငွေကြေးဖောင်းပွမှုသည် အဆမတန်မြင့်တက်နေခြင်းကို စစ်ကောင်စီက တာဝန်မခံလိုသဖြင့် ယခုကဲ့သို့ ထုတ်ပြန်ချက်အား ဗဟိုဘဏ်က ထုတ်ပြန်ပေးရခြင်းဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ရှင်းပြသည်။
“ ဒေါ်လာစျေး ၃၆၀၀ ဖြစ်နေပြီ။ ရွှေစျေးတွေလည်း လိုက်တက်၊ ကားစျေးတွေလည်းတက် ဘယ်သူမှ အလုပ်မဖြစ်တော့ဘူး။ ဒါကို သူတို့က နှစ်သောင်းတန် အပေါ် လာပုံချနေတာပဲဗျ၊ အဓိကတော့ သူတို့မှာ ဖြေရှင်းပြစရာ အကြောင်းပြချက် ရေရောရာရာမရှိဘူးလေ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဗဟိုဘဏ်က ပြည်တွင်း ကားစျေးကွက် မတည်မငြိမ်ဖြစ်နေသည့်ပုံစံဖြင့် ထုတ်ပြန်ချက်တွင်ရေးသားထားသော်လည်း ကားအရောင်းအဝယ်သည် အေးနေကြောင်းလည်း ကားဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးကပြောသည်။
“ ကားစျေးကွက်က ဘယ်သူမှ ကားမဝယ်တော့ဘူး။ အလုပ်အကိုင်တွေက အဆင်မပြေ။ အခုနေ ကားဝယ်ရင်တောင် ဘာလုပ်ကိုင်စားမလဲ တွေးနေကြပြီ၊ ဆီစျေးကလည်း မြောက်တက်နေတာ။ ကျတော့်ကားတောင် ကိုင်ထားတာ နှစ်ပေါက်နေပြီ အခုထိမထွက်တာဘဲကြည့်” ဟု ကား၀ယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယင်းအပြင် ပြည်သူများအနေဖြင့် ဒေါ်လာများကို သတ်မှတ်ထားသည့် ပမာဏထက် ကိုင်ဆောင်ခြင်းမပြုရန်နှင့် ပြုလုပ်ပါက အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယမန်နှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာ ရည်ညွန်းစျေး ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိ ပြင်ပ၌ တစ်ဒေါ်လာလျင် ကျပ် ၃၆၀၀ကျော်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။