ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ရှိ အမှတ် -၂ တံတားအနီးသို့ စစ်သား ၁၀၀ ခန့် အရပ်ဝတ်ဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
ဧပြီ ၂၁ ရက်၊ ညနေ ၅ နာရီကျော်မှ စတင်ကာ အမှတ်-၂ တံတားအနီးသို့ စစ်သား အယောက် ၁၀၀ ခန့် အရပ်ဝတ်ဖြင့် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ မနေ့က အမှတ်- ၂ တံတားနားမှာ အယောက် ၁၀၀ နီးပါး ပြန်ရောက်နေတယ်။ အရပ်ဝတ်တွေနဲ့ ပြန်ဝင်လာကြတာ။ တံတားနားပြန်လာတာဆိုတော့ တခုခုဖြစ်တော့မယ်လို့ ထင်တယ်။ ဒီနေ့ မနက်ကတော့ တံတား-၂ ကားဝင်းထဲက အဆောင်မှာ စစ်သား ၅ ယောက်ရှိတယ်။ အဲ့ အနောက်မှာတော့ စစ်သားစုစုပေါင်း ၉၀ ကျော်မယ်။ အရပ်ဝတ်နဲ့ပဲ သေနတ်တွေကိုင်ထားတယ်” ဟု ၎င်းက ပြောသည်။
ယင်းစစ်သားများသည် ယနေ့ (ဧပြီ ၂၂ ရက်) နေ့ခင်းပိုင်းအထိ အမှတ်-၂ တံတားအနီးတွင် ရှိနေသေးပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သိရသည်။
ဧပြီ ၂၁ ရက်၊ နံနက် ၁၀ နာရီခန့်ကလည်း မြဝတီမြို့၊ ၁၄ ဂိတ် အနီးနေ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် BGF/KNA က သတိပေးသဖြင့် တိမ်းရှောင်သွားကြကြောင်း မြဝတီမြို့၊ ၁၄ ဂိတ်အနီးနေ ပြည်သူတစ်ဦးက ပြောသည်။
“ မနေ့က မနက် ၁၀ နာရီကျော်လောက်မှာတည်းက စပြောင်းခိုင်းတာ။ တိုက်ပွဲလည်း အေးတာနဲ့ ၁၂ နာရီလောက်မှာ ၁၂ ဂိတ် အရှေ့ခြမ်း၊ ဝါးတောနဲ့ ၁၃ ဂိတ် အနီးတစ်ဝိုက်ကလူတွေ ပြောင်းကြတယ်။ တချို့ကျ မယုံလို့ မပြောင်းကြဘူး။တချို့က ဆွေမျိုးတွေရှိတဲ့ ကင်းလွတ်တဲ့နေရာ ရွှေ့တယ်။ အင်ကြင်းမြိုင်ဘက်ကို ပြောင်းတာတော့ များတယ်။ အင်ကြင်းမြိုင်သွားတဲ့လမ်းမှာ မနက်ကတည်းက ကားတန်းကြီးဖြစ်နေတာ။ ဗီဒိုတွေ၊ အိပ်တဲ့ကုတင်တွေ၊ သေတ္တာတွေ ကားပေါ်တင်ရွှေ့နေကြတယ်။ တချို့ဆို ခွေးတောင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဧပြီ ၂၁ ရက်၊ ည ၉ နာရီခွဲခန့်ကလည်း အမှတ်၊၂ တံတား အနီးရှိ မဟာစည်လမ်း၊ ဝါးတော (ဦးပန်းသီးလမ်း)၊ ဇိုက်ဇုန်၊၈ ဂိတ်အနီးနှင့် ၂၀ ဂိတ်နေပြည်သူများကိုလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြောကြားခဲ့ကြောင်း သိရသည်။
အမှတ်- ၂ တံတားအနီးသို့ ဧပြီ ၂၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်တစ်စင်း ကင်းပတ်ခဲ့ပြီး ယနေ့ (ဧပြီ ၂၂ ရက်) နံနက် ၁၂ နာရီ ၅၃ မိနစ်နှင့် နံနက် ၁ နာရီခန့်တွင် အမှတ်- ၂တံတားအနီးသို့ လေကြောင်းမှ ဗုံး ၂ ခါကြဲခဲ့ကြောင်း MPA က စုံစမ်းသိရသည်။
ဧပြီလ ၁၀ ရက်၊ ည ၁၀ နာရီခန့်တွင် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်က ခလရ- ၂၇၅ ကို သိမ်းပိုက်ခဲ့ပြီးနောက် ခလရ -၂၇၅ မှ စစ်သား ၂၀၀ ခန့်သည် အမှတ် ၂ တံတားအနီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက် ဧပြီလ ၂၀ ရက်၊နံနက် ၅ နာရီခန့်က အမှတ်-၂ တံတားအနီး ရောက်ရှိနေသော စစ်သားများကို KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ ည ၇ နာရီခန့်၌ စစ်သားများ တံတားအနီးမှ ဆုတ်ခွာသွားခဲ့ကြခြင်းဖြစ်သည်။