ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် ယနေ့ညပိုင်း၌ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ကင်းပတ်ကာ ဗုံး ၆ လုံး ကြဲချခဲ့ကြောင်းသိရသည်။
ယနေ့(ဧပြီ၂၀ရက်) ည ၈နာရီမှ စတင်ကာ ဂျက်လေယာဉ် ၂စင်းဖြင့် အမှတ် -၂ တံတားအနီး ဗုံးကြဲခဲ့ ခြင်းဖြစ်ကြောင်း မြေပြင်ရှိ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။
“ ညနေ ၅နာရီကျော်လောက်က လုံးဝငြိမ်သွားတယ်။လေယာဉ်လည်း လုံးဝမပစ်တော့ဘူး ။ ပြန်လှည့်ပြီး တပ်ဆုတ်သွားတယ်ပေါ့။ဒီည ၈နာရီက ပြန်စတာ။ ဗုံးက ၄လုံးကြဲသွားတယ်။၈နာရီမှာ ၂လုံးနဲ့ ၈နာရီ ၁၀မှာ ၂လုံးပေါ့။ကျတာကတော့ ညီနောင်ရွာသစ်ဘက်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေနားကျတာ။ထိခိုက်သေဆုံးမှုတော့မရှိဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ ည ၉နာရီ ၁၅မိနစ်ခန့်ကလည်း မြဝတီမြို့၊ဇိုက်ဇုန်( ၁၂ဂိတ်အနီး)နှင့် မွေးမြူရေးဇုန်ဘက်သို့ လေကြောင်းမှ ဗုံး ၂လုံးထပ်မံကြဲချခဲ့သေးကြောင်း မြဝတီမြို့ခံ စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။
“ ဒီနေ့ ၉နာရီ ၁၅မိနစ်မှာ တစ်လုံး၊၉နာရီ ၂၃မိနစ်မှာ တစ်လုံး ထပ်ကြဲတယ်။ အဲ့ဗုံးတွေက ဇိုက်ဇုန်နဲ့ မွေးမြူရေးဇုန်ကို လှမ်းပစ်တာ။မြို့ထဲအခြေအနေကတော့ အေးဆေးပဲ။မြဝတီမြို့အဝင် သံတံတားကိုတော့ ပိတ်ထားတုန်းပဲ” ဟု ၎င်းက ပြောသည်။
ယနေ့ညပိုင်းတွင် KNLAဦးဆောင်သည့် တော်လှန်ရေးတပ်များက RPG၊လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ ညနေ ၅နာရီလောက်က ခလရ -၂၇၅က ကောင်တွေက ရေပူရွာဘက် ကမ်းနဖူးအတိုင်း ထွက်ပြေးသွားကြတာ။ အခုက စစ်တပ်က အမှတ် – ၂တံတားလမ်းကို ဂျက်လေယာဉ် ၂ စင်းနဲ့ နှစ်ဘက်ညှပ်ပစ်နေတာ။ ခုနအထိ(ည၉နာရီ ၁၅မိနစ်)ပဲ။ အခုတော့ လေယာဉ် ခဏငြိမ်နေတယ်။ ဗုံးသီးတွေကတော့ ရေပူရွာနဲ့ အမှတ် -၂တံတား အနီးတစ်ဝိုက်က နေရာတွေကို ကျနေတာပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြဝတီမြို့ပြင်ရှိ ဒေသခံများမှာ စစ်ဘေးရှောင်နေကြရပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်အများစုပါသည့် ဒေသခံ ၁၀၀၀ကျော်တို့သည် ထိုင်းနိုင်ငံဘက်သို့ မကူးဘဲ မြဝတီ၊အမှတ် – ၄ရပ်ကွက်နှင့် ၂၀ဂိတ်အနီး၌ စစ်ရှောင်နေကြကြောင်း သိရသည်။