ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်း ယနေ့ ဧပြီလ ၅ ရက်နေ့ ည ၇ နာရီခန့်က ဗုံးတွေ့ရှိသည်ဟု ဆိုကာ လှိုင်မြို့နယ် ၂ ရက်ကွက် ရုံးအနီးရှိ သီရိ ၂ လမ်းထိပ် (ရွာမကျောင်းလမ်းနှင့် သီရိလမ်း) ၂ ဖက်စလုံးအား စစ်ကောင်စီမှ လူအဝင်အထါက် လုပ်ခွင့်မပေးဘဲ လမ်းအား ယာယီပိတ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။
ပိတ်ရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီမှ ၎င်းလမ်းအတွင်း ဗုံးဟု ယူဆရသည့် အထုပ်မဲတစ်ထုပ်အား တွေ့ရှိသည့်အတွက် ယခုလို ပိတ်ဆို့စစ်ဆေးခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ လာရောက်စစ်ဆေးနေခြင်း ဖြစ်ပြီး သီရိကွန်ဒိုနေ ပြည်သူများအား အတက်အဆင်း မပြုလုပ်ရန် တားမြစ်ခဲ့ပြီး လမ်းကိုပါ ယာယီပိတ်လိုက်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေခဲ့သည်ဟု သိရသည်။
“ ဘာဖြစ်မှန်းတော့ မသိဘူး ဗုံးတွေ့တယ်လို့လဲ ပြောသံကြားတာပဲ အဝင်အထွက်၊ အတက်အဆင်းတွေ မလုပ်နဲ့လို့ ပြောပြီး ရှာနေတာ လမ်းတွေ ပိတ်ထားလို့ အခုထိ အိမ်ပြန်လို့ မရသေးဘူး။ စစ်ခွေးတွေ လက်ထက်မှာ နေရတာလဲ ဘယ်လိုမှ မလုံခြုံတော့ဘူး” ဟု ပိတ်မိနေသူ ပြည်သူတစ်ဦးမှ ဆိုသည်။
သတင်းရေးနေဆဲ အချိန်တွင် ထပ်မံသိရှိချက်များအရ လမ်းများကို ည ၇ နာရီ ခွဲ အချိန်တွင် ပြန်လည် ဖွင့်ပေးလိုက်ကြောင်းလည်း သိရှိရသည်။