By MPA
ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေသို့ ကျူကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်း နှင့် Federal Wings Drone အဖွဲ့ တို့က ယနေ့ (အောက်တိုဘာ ၁၉) ရက်နေ့ နံနက်ပိုင်းက စ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးအပါအဝင် နှစ်ဦး စနိုက်ဘာလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုကပြောဆိုသည်။
ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ အတွင်းရှိ လူခို့ (ညောင်ချောင်း)နေရာသို့ ကျူးကျော်ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေးတပ်ရင်းများဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)တို့ကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း နှင့် Federal Wings Drone အဖွဲ့ တို့က ယနေ့နံနက် ၉နာရီခွဲခန့်ကစ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်း၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါတိုက်ပွဲသည် မွန်းလွဲ ၂ နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ကျော်ဝါးဘုရားအနီးတွင် အခြေစိုက်ထားသောနေရာမှ (၁၂၀) မမ လက်နက်ကြီးဖြင့်လည်းကောင်း၊ ဆုံဆည်းမြိုင်ကုန်းတွင် အခြေစိုက်ထားသောနေရာ မှ (၁၂၀) မမ လက်နက်ကြီးဖြင့် လည်းကောင်း၊ အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲ (MLRS)ဖြင့် လေးကြိမ် အဆက်မပြတ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု အဆိုပါပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
ထိုသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ အမှတ် (၄၄၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) ဆင်း၊ DSA အပတ်စဉ် (၄၂) သည် ယနေ့တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ အတည်ပြုချက်ရရှိခဲ့သည်ဟု ဆိုသည်။
“ဒီနေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ အမှတ် (၄၄၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးဟာ ကော်ဘရာစစ်ကြောင်းက လက်ဖြောင့်စစ်သည်တွေလက်ချက်နဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုက ရှင်းပြသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဟု ကော်ဘရာစစ်ကြောင်း ကော်ဘရာစစ်ကြောင်း၏ထုတ်ပြန်ချက်အရသိရသည်။
ထို့အတူ ယနေ့ ညနေ ၅ နာရီခန့်တွင် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်အမြှောက်ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်းလည်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ တိုက်ပွဲ ဖြစ်စဉ်များအတွင်း ပြည်သူ့ရင်သွေး တော်လှန်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း၏ထုတ်ပြန်ချက်အရသိရသည်။