By MPA 001
တနင်္သာရီတိုင်းရှိ မြိတ်-ထားဝယ်လမ်းမကြီးကို ည ၈ နာရီမှ နံနက် ၄ နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရန် ကန့်သတ်ထားရာ လိုက်နာခြင်းမရှိသည့်ယာဉ်များကို ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလကသတိပေး ပြောဆိုလိုက်သည်။
မြိတ်-ထားဝယ်လမ်းပိုင်းကို ပုလောမြို့နယ်အခြေစိုက် KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် ပုလော PDF အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက လုံခြုံရေးယူထားကြောင်း၊ စစ်ရေးအခြေအနေများ တင်းမာနိုင်သဖြင့် အများပြည်သူများထိခိုက်မှုမရှိစေရန် ဖြတ်သန်းသွားလာခွင့်အချိန် ကန့်သတ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ ၂၉ ရက်(စက်တင်ဘာ)နေ့က လမ်းကိုကျွန်တော်တို့သိမ်းထားတယ်။ဒါကိုလည်း ပုလောဒေသ သတင်းမီဒီယာ WAE ကနေ အသိပေးထုတ်ပြန်ထားတယ်။ကျွန်တော်တို့လည်းကြေညာထားတယ်။အခုဟာက ကားတွေဖြတ်နေသေးတယ်။ပြောချင်တာက ကြေညာထားတာကို ပူးပေါင်းပေးပါ။မပူးပေါင်းရင် အရေးယူတော့မယ်။တော်လှန်ရေးလုပ်နေတာ ကိုယ်ကျိုးအတွက်မှ မဟုတ်တာ” ဟု ဗိုလ်ဝေလ က MPA မှတဆင့် ထပ်မံအသိပေးပြောဆိုသည်။
မြိတ်-ထားဝယ်လမ်းကိုအသုံးပြုဖြတ်သန်းသွား လာမည့် ယာဉ်ကြီး၊ယာဉ်ငယ်များအနေဖြင့် ကားတံခါးမှန်များကို အဆုံးထိချ၍သွားလာကြရန်နှင့် တစ်စီးနှင့်တစ်စီး ဘေးချင်းကပ်၍ သွားလာခြင်းမပြုကြရန် ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများကဒေသခံများခံ မေတ္တာရပ်ခံတောင်းဆိုထားသည်။
“ ပြည်သူတွေပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်။ကားမှန်တွေချပေးကြပေမယ့် တစ်စီးနဲ့တစ်စီးထပ်ပြီး မသွားကြပါနဲ့။ကျွန်တော်တို့ ကြည့်ရတာမရှင်းလို့ပါ။ညပိုင်းကန့်သတ်ချိန်ကိုတတ်နိုင်သလောက်လိုက်နာပေးပါ။ဟိုဘက်က ပစ်ပြီးကျွန်တော်တို့ကို လွှဲချနိုင်တယ်။ဒီခွေးတွေစိတ်ဓာတ်ကို အားလုံးသိတဲ့အတိုင်းပါပဲ။ညပိုင်းဖြတ်တဲ့ကားတွေကို ဒီနေ့(အောက်တိုဘာ ၃)ကစပြီး အရေးယူပါမယ်” ဟု ပူရိယက္ခ ညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလက ထပ်မံပြောဆိုသည်။
ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါ အဝင် မဟာမိတ်တပ်ပေါင်းအင်အားစုများနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေရာ ပူရိယက္ခညီနောင်စစ်ကြောင်းကို ပုလောအခြေစိုက် တပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ ၂ရှိ KNDO တပ်ဖွဲ့က ဦးစီးကြောင်း MPA က စုံစမ်းသိရှိရသည်။