ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုလ် မြို့သစ်အနီး ထီးကော်ထော ကျေးရွာအတွင်းရှိ နယ်ခြားစောင့်တပ် BGF ကင်းစခန်း နှစ်ခုကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက KNU တပ်မဟာ ၇ နယ်မြေရှိ KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ် တိုက်ပွဲတွင် နောက်ဆုံးစုံစမ်းသိရသည့် အချက်များအရ နှစ်ဖက် သေဆုံးမှုများ ရှိနေကာ ယနေ့ နံနက်ပိုင်းအထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း သိရှိရသည်။
KNU တပ်မဟာ ၇ နယ်မြေရှိ KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ယနေ့ နံနက်အစောပိုင်း ၅ နာရီခွဲလောက်မှ စတင်ကာ BGF စခန်းကုန်းများကို ဝင်ပစ်ခြင်းကြောင့် ထီးကော်ထော BGF စခန်းက အကုန်ထွက်ပြေးကြကြောင်း၊ ထီးချားထား BGF စခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNLA တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးမှ MPA သို့ ပြောသည်။
ထို့နောက် ရွှေကုက္ကိလ်မြို့အပြင် မုခ်ဦးနားရှိ ရပ်ကွက်၊ တရုတ်များနေထိုင်သည့် တန်းလျားများဘက်၊ နှစ်သစ်ကူးကွင်းဘက်များမှ စစ်တပ်၊ BGF တပ်များနှင့် အပြန်အလှန် ပစ်ခတ်မှုများရှိနေခဲ့ပြီး နေ့လည် ၁၂ နာရီခန့်လောက်တွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ် နှစ်စီးနှင့် ဝှေ့ပတ်ကာ ပစ်ခတ်နေကြောင်း သိရှိရသည်။
(အခု ရပ်ကွက် ဒေသခံ သုံးထောင်ကျော်လောက်ကတော့ ထိုင်းဘက်က သက္ကာယ၊ သဲပုံဂိတ်၊ ဟွေးကလုပ်၊ ဝမ်ဖာ ရွာဘက်တွေကို ပြေးရှောင်ကြတယ်။ ထိုင်းစစ်တပ်ကတော့ ထိုင်းဘက် မြို့ရွာတွေဘက် အသွားမခံဘူး။ ထိုင်းဘက် ကမ်းနားဂိုထောင်တွေ၊ ရာဘာခြံတွေ နွားမွေးမြူရေးခြံတွေထဲမှာပဲ ယာယီနေထိုင်ခိုင်းထားတယ်။ လက်နက်ကြီးတွေကတော့ ရွှေကု္ကိုလ်ရပ်ကွက်နဲ့ နှစ်သစ်ကူးကွင်းဘက်တွေ ကျတယ်။ တရုတ်ကာစီနိုတွေကတော့ စစ်တပ်နဲ့ BGF တွေ၊ စနိုက်ပါ စစ်သားတွေက လုံခြုံရေး ယူထားပေးပြီးတော့ အပြင်မထွက်ဖို့ ကိုယ့်တိုက်ခန်းတွေမှာပဲ နေဖို့ တရုတ်လိုရော မြန်မာလိုရော BGFတွေက လိုက်အော်ပေးနေတယ်) ဟု ထွက်ပြေး တိမ်းရှောင်နေရသူ တစ်ဦးက ဆိုသည်။
KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူ ပြောပြချက်များအရ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေအတွင်း BGF နယ်ခြားစောင့်တပ်ဘက်မှ တပ်မှူးရဲ့ ကိုယ်ရေးအရာရှိ အပါအဝင် BGF တပ်ဖွဲ့ဝင် အချို့ ထိခိုက်သေဆုံးမှုများ ရှိနေပြီး KNLA ပူးပေါင်းတပ်များဘက်တွင်လည်း လက်ရှိ အချိန်ထိ ၅ ဦး သေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်မြို့သစ်မှ စစ်ရေးအခြေအနေနှင့် ပတ်သက်ကာ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်များဘက်မှ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း လက်ရှိအချိန်ထိ မရှိသေးပေ။