ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်မှုထမ်းရန်စာရင်းပါလာသည့် လူငယ်များအား ၎င်းတို့ အလုပ်လုပ်ကိုင်ရာနေရာအထိ မိဘများကို လိုက်လံခေါ်ဆောင်ခိုင်းနေကြောင်း ပြန်ခေါ်ပေးရသည့်မိသားစုဝင်အချို့ထံမှ သိရသည်။
အုပ်ချုပ်ရေးအာဏာရယူထားသူများအနေဖြင့် နယ်ဝေးတွင်အလုပ်လုပ်ကိုင်နေသည့် လူငယ်များအားပြန်ခေါ်ခိုင်းရာတွင် စစ်မှုထမ်းရန်မိဘများနှင့်အတူပြန်လိုက်ခဲ့ရန် ပြောဆိုရုံမျှမက ထိုသို့မထမ်းဆောင်နိုင်ပါက အစိုးရဝန်ထမ်လုပ်ရန် တိုက်တွန်းပြောဆိုမှုများရှိခဲ့ကြောင်း ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၆ နှစ်အရွယ်ကိုမျိုးကပြောသည်။
“ကျွန်တော်က ဧရာဝတီတိုင်းကနေ ဒီမှာ(ရန်ကုန်)အလုပ်လာလုပ်နေတာ ၆ နှစ်ရှိပြီ။ အဖေက ရုတ်တရက်ကြီး ဆိုင်ထိလာပြီး ချက်ချင်းလိုက်ခဲ့ဆိုပြီးလုပ်တာ၊ မင်းမလိုက်လို့မရဘူး၊ ဒုက္ခရောက်ကုန်မှာဆိုပြီးပြောတာ။ ပြီးတော့ ကျွန်တော့်ကို ရွေးခိုင်းတယ်၊ စစ်မှုမထမ်းရင် အစိုးရဝန်ထမ်းလုပ်ရမယ်တဲ့ မလုပ်လို့မရဘူးတဲ့လေ”ဟု ကိုမျိုးက ၎င်းကြုံတွေ့နေရပုံကို ပြောသည်။
စစ်မှုထမ်းရန်စာရင်းပါသော သား၊ သမီးများကို ခေါ်ဆောင်ခိုင်းရာတွင် ပြန်ပါလာခြင်းမရှိပါက အိမ်တွင်ရှိနေသည့် လူတစ်ဦးကိုဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိနေကြောင်း သိရသည်။
“စစ်သားတွေနဲ့ အုပ်ကြီးရောက်လာတာ။ ကျွန်မမှာက သားတစ်ယောက်ပဲပါတယ်၊ သူလည်းအိမ်မှာမရှိဘူး၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာကြာပြီ။ အဲ့ဒီလိုပြောတာကို ရအောင်ဖုန်းဆက်ခိုင်းတယ်၊ ချက်ချင်းပြန်လာခိုင်းလိုက်၊ အဲ့လိုမှမဟုတ်ရင် နင်တို့အိမ်က တစ်ယောက်ယောက်ကို ဖမ်းရလိမ့်မယ်လို့ပြောတာ”ဟု မန္တလေးတွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် မိခင်တစ်ဦးက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေကိုအတည်ပြုခဲ့ပြီး မတ်လ တတိယပတ်အတွင်းမှစတင်ကာ နိုင်ငံအနှံ့အပြားရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက လူငယ်များကို စာရင်းကောက်ခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများ စတင်ပြုလုပ်နေခြင်းဖြစ်သည်။
မြဝတီမြို့တွင် အလုပ်လုပ်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလည်း “တစ်ရက် အိမ်ကဖုန်းဝင်လာတယ်၊ ချက်ချင်းပြန်လာပါတဲ့ စစ်မှုထမ်းဖို့တဲ့။ တစ်ခုခုပြောလိုက်လေလို့ ကျွန်တော်ကပြောတော့ ပြောပြီးပြီမရဘူး၊ ရအောင်ပြန်ခေါ်ခိုင်းနေတာလို့ပြောတယ်။ ကျွန်တော်ကတော့ မပြန်ပါဘူး”ဟု ဆိုသည်။
မန္တလေး၊ မကွေးတိုင်းနှင့် စစ်ကောင်စီစိုးမိုးရာဒေသများက တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များကလည်း စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်နေသူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်အရေးယူသွားမည်ဟု ထုတ်ပြန်ထားကြသည်။
လက်ရှိတွင်လည်း စစ်ကောင်စီအလိုကျ အတင်းအကျပ်စေခိုင်းနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှင်းလင်းမှုများလုပ်ဆောင်နေသည်။
အဆိုပါဥပဒေအရ အမျိုးသားများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိဖြစ်ပြီး ကျွမ်းကျင်သူများဟု သတ်မှတ်ထားသည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ (သို့မဟုတ်) အခြားအတတ်ပညာ တစ်ရပ်ရပ် နှင့် အသက်မွေးဝမ်းကျောင်းပြုနေသူများသည် အသက် ၄၅ နှစ်အထိ စစ်မှုထမ်းရန် အကျုံးဝင်သည်ဟု သိရသည်။
အမျိုးသမီးများသည် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူများ စစ်မှုထမ်းရမည်ဖြစ်ပြီး အထက်ပါအတိုင်း ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်ကျွမ်းကျင်သူများဖြစ်ပါက အသက် ၃၅ နှစ်အထိ ဖြစ်သည်ဟု အဆိုပါဥပဒေတွင် ပြဋ္ဌာန်းထားသည်။