အမျိုးသားရေးဆရာတော်ဦးဝီရသူသည် စစ်အာဏာသိမ်းပြီး ၆လပြည့် သြဂုတ်လ၁ရက်နေ့ က ၄င်းဆေးကုသမှုခံယူနေရာ မဂ်လာဒုံစစ်ဆေးရုံမှ လူမှုကွန်ယက်တွင် liveလွှင့်ခဲ့သည့်ဖြစ်ရပ်သည် ရဲတပ်ဖွဲ့တွင်အဓိကတာဝန်ရှိသည်ဟု အကျဉ်းဦးစီးဌာနတာဝန်ရှိသူတဦးက ပြောဆို လိုက်သည်။
“ တရားသူကြီးက ချုပ်ပါလို့ စာမှန်ရင် ကျနော်တို့ ချုပ်ရတယ်။ ထောင်ထဲက ပြန်ထုတ်ပေးပါလို့ စာမှန်ရင် ထုတ်ပြီး ရဲလက်အပ်ရတယ်။ အချုပ်သားတွေကိုပြောတာ။ အကျဉ်းသားတွေကတော့ ကျနော်တို့ အောက်က စီမံရတာပေါ့်။ အကျဥ်းထောင်ထဲမှာတော့ အချုပ်သား၊ အကျဉ်းသား အတူတူဆိုပေမယ့် ရဲလက်အပ်ထားတဲ့ အချုပ်သားတွေကတော့ ကျနော်တို့ လက်အောက်မရှိလို့ ရဲတပ်ဖွဲ့ကသာ အဓိက တာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။
အကျဉ်းသားတယောက်အနေဖြင့် မိုဘိုင်းဖုန်းကိုင်ဆောင်၍ live လွှင့်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။
ဦးဝီရသူအနေဖြင့် ဆေးကုသမှုခံယူစေရန် ရဲတပ် ဖွဲ့ သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သဖြင့် အကျဉ်းဦးစီးဌာန၏ကွပ်ကဲမှုအောက်တွင်မရှိဘဲ ရဲတပ်ဖွဲ့တွင်သာ တာဝန်ရှိပြီး အကျဉ်းထောင်အက်ဥပဒေဖြင့် အရေးယူရန်မရှိကြောင်း သိရသည်။
လက်မောင်းအကြောကပ်ရောဂါဖြင့် စစ်ဆေးရုံတွင် တက်ရောက်ခံယူနေရသည်ဟူသော ဦးဝီရသူမှာ အင်းစိန်ထောင်တွင်း၌ မရှိသည်မှာနှစ်လကျော်ကြာမြင့်ပြီဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့က ၄င်း၏ ဒါယိကာများသို့ မေတ္တာပို့ Liveလွှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က အမျိုးသားရေးဟော ပြောပွဲတခုတွင် ဦးဝီရသူ၏ ပြောဆိုချက်များ သည် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် ငြိစွန်း ခဲ့သည်ဟုဆိုကာ ယခင်အရပ်သားအစိုးရမှ ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုဖမ်းဝရမ်း ထုတ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ နိုဝင်ဘာ ၂ ရက်တွင် လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။
Photo – (ဩဂုတ်လ၁ရက်နေ့က ဦးဝီရသူ liveလွှင့်ခဲ့သည့်ဗီဒီယိုဖိုင်မှ ပုံဖြစ်ပါသည်)