ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့ကို ဧပြီ ၁၁ ရက်၊ ည ၁၀ နာရီခွဲအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာလောယာဉ်ပေါ်မှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၆၀ ကျော်အရွယ် အဘွားအိုတစ်ဦးတို့ အခင်းဖြစ်နေရာ၌ပင်သေဆုံးသွားခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” နှစ်ယောက် ဆုံးသွားတယ်။ ကျန် ၃ ယောက်ကို ဆေးရုံပို့တယ်။ ဆရာဝန်ကိုယ်တိုင် လာပွေ့ချီပြီး ခေါ်သွားတာကို တွေ့ရတယ်။ ဒဏ်ရာကတော့ ပြင်းထန်တယ် သွေးတွေလည်း ထွက်တယ်” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ် ၃ လုံးပျက်စီးဆုံးရှုံးသွားခဲ့သည့်အပြင် ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၃ ဦးအနက်မှ အသက် ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦးကလည်း ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
” ကျွန်တော်တို့ နေအိမ်ပျက်စီးသွားတယ်။ လုံးဝ အဖိုးဖြတ်လို့ မရဘူး။ ဘိုး၊ ဘေးအစဥ်အဆက်နေထိုင်ခဲ့ကြတာ။ ဘယ်လက်နက်ကိုင်မှ နေတဲ့နေရာမဟုတ်ဘူး” ဟု ဗုံးဒဏ်ကြောင့် နေအိမ်ပျက်စီးသွားသည့် အိမ်ပိုင်ရှင်က ဆိုသည်။
လက်ရှိတွင် ဒဏ်ရာရရှိထားသူနှစ်ဦးသည် ဆေးရုံတစ်ခုတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။