17 April 2023 By MPA
ယနေ့ ကျရောက်သည့် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်ကူးမှာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနှင့် အကျဉ်းသားပေါင်း ၃၀၁၅ ဦးကို အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးလိုက်သော်လည်း နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရသည်။
အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား အများဆုံး ပြောင်းရွှေ့ထားသည့် သာယာဝတီထောင်ကနေ ယနေ့ အကျဉ်းသား၊ အကျဉ်းသူ ၁၂ ဦးခန့်သာ ပြန်လွတ်ကြောင်း နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်တစ်ဦးမှ MPA သို့ အသိပေးပြောကြားသည်။
ဒီနေ့ သာယာဝတီကနေ ၁၂ ယောက်ပဲ လွှတ်တယ်လို့ သိရတယ်။ တပ်ပြေးတွေပါတယ်လို့ ကြားတယ်။ ကျမ သမီးက ၅၀၅ (က) နဲ့ သုံးနှစ် အမိန့်ချထားတာ လာမယ့် ခုနှစ်လပိုင်းဆို လွတ်ရက်ပြည့်ပြီ။ လွတ်ရက် နီးနေပြီဆိုတော့ ဒီနေ့ ပါဖို့ မျှော်လင့်နေတာ အခုတော့ မပါလာဘူး ဟု နိုင်ငံရေး အကျဉ်းသူ တစ်ဦး၏ မိခင်မှ ဆိုသည်။
အလားတူ ယနေ့ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများကို ကြိုဆိုရန် သွားရောက်ခဲ့သည့် နိုင်ကျဉ်းဟောင်း တစ်ဦးကလည်း အခုက ဘာမှတောင် မပြောချင်တော့ဘူး။ ကိုယ့်လူတွေထဲကပါမယ်လို့ နာမည်ထွက်ထားတဲ့သူတွေတောင် မပါလာဘူး။ သာယာဝတီဘက်ရော တခြားထောင်တွေကပါ နိုင်ကျဉ်းပါလာတယ်ဆိုပြီး ကိုယ်တို့ဆီ သတင်းမတက်သေးဘူး ဟု အတည်ပြု ပြောကြားသည်။
ယနေ့ အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၃၀ ခန့် လွတ်မြောက်လာတာ တွေ့ရပြီး လွတ်မြောက်လာသူများထဲတွင် ပုဒ်မ ၁၆ (ဂ)နှင့် အမိန့်ချခံထားရသည့် မူးယစ်သုံးစွဲများ၊ တပ်ပြေး၊ ရဲပြေးများသာ ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း အင်းစိန်ထောင်ရှေ့ သွားရောက်ခဲ့သည့် သတင်းထောက် တစ်ဦးမှ ပြောကြားသည်။
ယနေ့ လွတ်မြောက်လာသူများထဲမှ မူးယစ်ဆေးပါးအမှုနှင့် လွတ်လာသူ တစ်ဦးကလည်း နိုင်ငံရေး အကျဉ်းသားများ မပါကြောင်း ယခုလို အတည်ပြုပြောကြားသည်။
သိသလောက် နိုင်ကျဉ်းတယောက်မှ ပါတယ် မကြားဘူး၊ မနက်ကမှ အဆောင် ၂ ထဲကနေ မူးယစ်တွေ တော်တော်များများကို ဆွဲထုတ်တာ၊ ငါးနှစ်ကျတဲ့သူ ၂ နှစ်ခွဲလောက် နေပြီးသားဆို ပါတယ်။ ပြီးတော့ စစ်ပြေး၊ ရဲပြေးတွေ ပါတယ် ဟု ဆိုခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက်များထဲမှ ၅၀၅ (က) နှင့် သုံးနှစ်အမိန့်ချခံထားရသည့် Mizzima သတင်းထောက် မမေဘယ် (ခေါ်) မငြိမ်းငြိမ်းအေး နှင့် MPA သတင်းထောက် ကိုကောင်းဆက်လင်းတို့ ပါဝင်နိုင်ကြောင်း ၎င်းတို့ ရှေ့နေ့မှ ခန့်မှန်းပြောကြားခဲ့သော်လည်း လွတ်မြောက်လာခဲ့ခြင်း မရှိပေ။
ပုဒ်မ ၅၀၅ (က) ဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချခံခဲ့ရသည့် သတင်းထောက် မမေဘယ် (ခေါ်) မငြိမ်းငြိမ်းနိုင် ကို ယနေ့ လွတ်လာဖို့ မျှော်လင့်မိကြောင်း မိသားစုဝင်တစ်ဦးမှ အခုလို ဆိုသည်။
နောက်ဆုံးတခေါက် အစားအသောက်တွေ ပို့တုန်းက ဗမာဝတ်စုံတွေ တောင်းသေးလို့ ထည့်ပေးလိုက်သေးတယ်။ သူ့ကိုယ်သူတောင် နှစ်ဆန်း ၁ရက်နေ့ လွတ်မယ်ထင်နေရှာတာ။ သိရတာတော့ ထောင်ထဲမှာ တခြားဖိအားတော့ မရှိဘူး။ ကျန်းမာရေးရယ် နေရတာကလွဲရင် အဆင်ပြေအောင် နေနေပါတယ်တဲ့။ ကျန်းမာရေးက အစာအိမ် တချက်တချက်အောင့်တယ် ပြောတယ်။ အခု ရာသီဥတု တအားပူတော့ အပူတွေ ပေါက်တယ် ထင်တယ်။ ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
ယနေ့ နံနက်ပိုင်းမှာတော့ မြန်မာနှစ်သစ် မင်္ဂလာအထိမ်းအမှတ်နှင့် ပြည်သူလူထု နှစ်လုံးစိတ်ဝမ်း အေးချမ်းစေရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသည့်အနေနှင့် တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးကို ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်လျှင် လက်ကျန် ပြစ်ဒဏ်ပါ ဆက်ပြီး ကျခံရမည့် ခံဝန်ကတိတွင် လက်မှတ်ထိုး လွှတ်ပေးခြင်း ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။
မြန်မာတနိုင်ငံ၏ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြသူများကို ပုဒ်မ မျိုးစုံနှင့် အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းထားသည်မှာ တနိုင်ငံလုံး အတိုင်းအတာအရ ၁၇၄၆၀ ဦးကျော်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများ အရ သိရသည်။
ယနေ့ အကျဉ်းသား လွတ်မြောက်လာမှုတွင် NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လွတ်လာသည်။