” ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်၊ ပန်ခမ်းမြို့တွင် ၂ ရက်တာဆွေးနွေးခဲ့ကြသည့် မြောက်ပိုင်းမဟာမိတ်များဟု လူသိများကြသော ပြည်တောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ ဆွေးနွေးပွဲ ထူးခြားသည့် အဖြေများထွက်မလာဟု နိုင်ငံရေးအကဲခတ်များက ဆိုကြသည်။
အဆိုပါ ဆွေးနွေးမှုပွဲကို မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၂ ရက်တာပြုလုပ်ခဲ့ကြပြီး ထိုမြောက်ပိုင်းအဖွဲ့များ၏ ခေါင်းဆောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” သူတို့ရဲ့ ထုတ်ပြန်ချက်ကို အသေးစိတ် သေချာဖတ်ကြည့်လိုက်ရင် ထူးခြားတာ ဘာမှ မတွေ့ရဘူး။ တရုတ်က လုပ်ခိုင်းလို့ ” ဝ” က လုပ်ပေးရတာဆိုတာ ပေါ်လွင်နေတယ်။ ဘာမှထူးခြားတဲ့ ဆုံးဖြတ်ချက်ကို မတွေ့ရဘူး။ စစ်အာဏာရှင်တော်လှန်ရေးအတွက်ပေါ့” ဟု မြန်မာ့နိုင်ငံရေးအကဲခတ်တစ်ဦးက MPA သို့ ပြောသည်။
ထို မြောက်ပိုင်းမဟာမိတ်များ၏ ယနေ့ထုတ်ပြန်ချက်တွင် အချက် ၇ ချက်ပါဝင်ပြီး ” မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ်ကြိုဆိုထောက်ခံပါသည်” ဟု နံပါတ် ၆ အချက်တွင် ဖော်ပြထားသည်။
ထို” ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ” ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ ပါဝင်သည်။
ထို အဖွဲ့များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမထားကြသော အင်အားကြီးလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး နွေးဦးတော်လှန်ရေးတွင် တရားဝင်ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု ဝေဖန်ခံနေရသည့်အဖွဲ့များဖြစ်သည်။
” စစ်ကောင်စီက တရုတ်ကို အကူအညီတောင်းလို့ တရုတ်က ” ဝ” ကို ဖိအားပေးခိုင်းတာလို့ မြင်တယ်။ အဓိကစစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်ရဲ့ မြန်မာပြည်ထဲက အကျိုးစီးပွားတွေကြောင့် အပြန်အလှန်လုပ်ပေးနေကြတာလို့ မြင်တယ်” ဟု မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက MPA သို့ ပြောသည်။
ထို အထဲတွင် ” နယ်စပ်ဒေသ လူနည်းစုတိုင်းရင်းသားများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရာမှာ နည်းလမ်းမျိုးစုံရှိသော်လည်း နောက်ဆုံးတွင် မိမိတို့၏ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်သည်” ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထဲတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် တပ်ဖွဲ့ဝင် အင်အားအများနှင့် အင်အားအကြီးဆုံးအဖွဲ့များဖြစ်ပြီး ထိုအထဲက ကိုးကန့်နှင့် AA အဖွဲ့တို့သည် နွေးဦးတော်လှန်ရေးတွင် စစ်သင်တန်းများပေးခြင်း၊ လက်နက်များ တပ်ဆင်ပေးခြင်းများ ပြုလုပ်ပါဝင်နေကြသည်။