စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်ပိုင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေသဖြင့် ယခုရက်ပိုင်းအတွင်း ကျေးရွာ(၈)ရွာက အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၅ ရက်တွင် ကလေးမြို့၊ အနောက်မြောက်ပိုင်းမှစတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့အထိရပ်တန့်သွားခြင်းမရှိဘဲ မော်စီ၊ ဆည်ကြီး၊ ဟံသာ၊ ပျဥ်းခုံကြီး၊ ပျဥ်းခုံလေး၊ ယောက်ချိုကွင်း၊ ငှက်ပျောတောနှင့် တီးတိန်မြို့နယ်အတွင်းရှိ မိုင်နွဲ့ကျေးရွာတို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
“ ပျက်စီးဆုံးရှုံးမှုတွေကတော့ ဘယ်ရွာ အလုံးရေဘယ်လောက်၊ ဘာမှမသိရသေးဘူးဗျ။ တချို့ဘုရားကျောင်းတွေဆို မိုင်းပါခွဲပြီးတော့မီးရှို့တာတွေရှိတယ်။ တစ်နေ့က မိုင်နွဲ့ရွာကိုရှို့တယ်။ စစ်ကြောင်းက အဲ့ဒီနားပတ်ချာလည်တွေမှာပဲရှိသေးတယ်။ ထိတွေ့တိုက်ပွဲဖြစ်တာတွေမရှိပါဘူး” ဟု ကလေးမြောက်ပိုင်းဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အထက်ပါကျေးရွာများက အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ပြာကျနိုင်ကြောင်း ကလေးမြောက်ပိုင်းဒေသခံတစ်ဦးကခန့်မှန်းသည်။
ထို့ပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် အဆိုပါကျေးရွာများတွင်နေထိုင်သည့် ဒေသခံ ၃ သောင်းကျော်မှာ ဘေးလွတ်ရာတောတိုက်များအတွင်းသို့ ရှောင်တိမ်းနေကြရပြီး စစ်တပ်က စစ်ဘေးရှောင်များရှိရာသို့ ဒရုန်းနှင့်ဗုံးသီးကြဲချခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ အခုက သူတို့လုပ်ချင်သလိုကို စိတ်ကြိုက်လုပ်နေတော့တာ။ ရွာတွေကိုဝင်တာက ဒရုန်းနဲ့အရင်ဗုံးကြဲပြီးမှဝင်တာ။ ဒရုန်းဗုံးကြောင့်လည်း အိမ်တွေမီးလောင်တယ်။ မနေ့က စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် မိုင်နွဲ့ရွာက စစ်ရှောင်အဘွားကြီးတစ်ယောက်သေဆုံးသေးတယ်ဗျ။ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်များသိမ်းပိုက်ထားသည့် ခမ်းပါတ်မြို့အထိစစ်ကြောင်းထိုးနိုင်ကြောင်း သုံးသပ်မှုများရှိနေပြီး ကလေးမြို့ပေါ်အမြောက်တပ်၊ ဒကစနှင့် ကျီကုန်းစစ်ကောင်စီတပ်များကလည်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရသည်။
“ လက်နက်ကြီးကတော့ ဒီမနက်ကို အသံကြားရသေးတယ်။ ပစ်တာတော့ ပစ်နေတာပဲနော်။ စက္ကန့်ဘက်တွေကျတယ်လို့သိရတယ်” ဟု ကလေးမြို့ပေါ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးကဆိုသည်။
ယခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများအတွင်း ကလေးမြို့နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု(၈၀)ဦး အထိရှိခဲ့ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။