မြဝတီမြို့ ၊အမှတ် – ၂ တံတားအနီးရှိ လူနေရပ်ကွက်များသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ၂၀ရက်)နံနက် ၁နာရီခန့်မှ စ၍ ကရင်ပြည်နယ်၊မြဝတီမြို့ အမှတ် -၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ဆက်တိုက်ကြဲသဖြင့် အမှတ် -၂ တံတားအနီး ရပ်ကွက်များရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်ရှိ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။
“ နေ့လယ် ၁၂ခွဲက ဗုံးကြဲတဲ့လေယာဉ်ရော၊စက်သေနတ်နဲ့ ပစ်နေတဲ့ ရဟတ်ယာဉ်ရော မရှိတော့ဘူး။မိနစ် ၂၀ကြာမှ ရောက်လာတာ။လေကြောင်းနဲ့ ဗုံးကြဲလို့ ပြည်သူသေဆုံးမှုလည်းရှိတယ်။စာရင်းတော့ အတိအကျမရသေးဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ပတ္တမြားဆီဆိုင်လမ်းကြား နံဘေးရှိ ဝါးတောရပ်သို့ လေကြောင်းမှ ဗုံးတစ်လုံးကြဲချခဲ့ပြီး မွန်းလွဲ ၁နာရီ ၁၀မိနစ်ခန့်တွင် မြဝတီမြို့၊ အမှတ် ၄ရပ်ကွက် မဟာစည်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
“ အခု အခြေအနေက လေယာဉ်နဲ့ ရပ်ကွက်တွေ ရွာတွေထဲပါ ကြဲနေပြီ။တံတား-၂ နားရော၊ဇိုက်ဇုန် (၁၂ဂိတ်အနီး)၊မွေးမြူရေးဇုန်နဲ့ ရေပူမီးပွိုင့်လမ်းဆုံတွေကို ဗုံးသီးတွေ ဆက်တိုက်ပစ်နေတာ။ နေအိမ်တွေလည်း မီးလောင်နေပြီ။မဟာစည်ကိုပါ ကြဲတာဆိုတော့ မြဝတီမြို့တွင်းနဲ့ တော်တော် ကပ်နေပြီ။အခု ညနေ ၄နာရီကျော် အထိကို လေယာဉ်နဲ့ပစ်နေတုန်း” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦး ဗုံးစ ထိမှန်ကာ သေဆုံးခဲ့ကြောင်း မြဝတီမြို့၊အမှတ် ၄ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“ လေယာဉ်နဲ့ ကြဲတာ မဟာစည်ဘုန်းကြီးကျောင်းဝင်းထဲကို ဗုံးတစ်လုံးကျတော့ ပေါက်ရော။အဲ့အချိန် မဟာစည်ဘုန်းကြီးကျောင်း၀င်းထဲက ဖြတ်သွားတဲ့ မြဝတီမှာ ဆီဆိုင်ဖွင့်ထားတဲ့ အစ်မတစ်ယောက် ရဲ့ ခေါင်းကို ဗုံးစမှန်သွားတယ်။သူနဲ့ပါလာတဲ့ သူ့သမီးက ခြေထောက်ထိသွားတယ်။ဆေးရုံရောက် တော့ ခေါင်းကို ဗုံးစမှန်တဲ့တစ်ယောက်က အသက်မရှိတော့ဘူး။သူ့သမီးလေးကိုတော့ ဆေးရုံမှာပဲ ထား ထားတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က လေကြောင်းမှ ဗုံးကြဲနေသဖြင့် မြဝတီမြို့မှ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်သူမှာ ယနေ့ တစ်ရက်တည်းတွင်ပင် ထောင်နှင့်ချီ ရှိကြောင်း MPAက စုံစမ်းသိရသည်။