တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ မြ၀တီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ သောင်ရင်းမြစ်က တစ်ဆင့် စစ်ဘေးရှောင်လာသူ နှစ်ထောင်ကျော်ထိရှိနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
လက်ရှိတွင် ၎င်းတို့ နေထိုင်ရန် နွားခြံတစ်ခုတွင် နေရာများစီစဉ်ပေးထားပြီး၊ စားစရာနှင့်အကူအညီများကို မဲဆောက်မြို့တော်ဝန်ရုံးက တိုက်ရိုက်စီမံခန့်ခွဲပြီး အကူအညီပေးသွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦးကပြောသည်။
“ ဒီနေ့မနက် ၉နာရီဝန်းကျင်က တစ်သုတ်၊ အခုကတော့ ၄နာရီခွဲမှာ ၅၀၀ဝန်းကျင်ထက်ရောက်တယ်ဆိုပေမဲ့ အသေအချာတော့ မသိရသေးဘူး။ ထမင်းဘူးကတော့ ၅၀၀ပို့ပေးမယ်။ မနက်ကတော့ ၂၀၀၀ ဝန်းကျင်ရှိတယ်။ တိုက်ပွဲက ဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးရှောင်ဦးရေထပ်တိုးဖို့ရှိမယ်” ဟု ၎င်းက ပြောသည်။
လတ်တလောတွင် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည်များမှာ တစ်ပတ်စာ လုံလောက်မှုရှိကြောင်း ကူညီကယ်ဆယ်ပေးနေသူတချို့ထံမှ သိရသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကလည်း “အာ့ထက်လွန်သွားရင်တော့ အကူအညီတွေတွက် စဥ်းစား ရတော့မှာပါ”ဟု ဆိုသည်။
တိုက်ပွဲများပြင်းထန်နေသည့် အမှတ် ၂ တံတားနှင့် အနည်းငယ်ဝေးသော မြဝတီဘက်ခြမ်းတွင်လည်း စစ်ဘေးရှောင်ဦးရေ ၄၀၀ ဝန်းကျင်ရှိနေပြီး ၎င်းတို့အတွက် နှစ်ရက်စာ အစားအသောက်များရှိနေကြောင်းလည်း ဒေသခံ များထံမှ သိရသည်။
စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက “အစကတော့ မပြေးဘူးနေတာ၊ အခုတော့ မနက်ကစပြီးပြေးရတော့ တာပေါ့၊ အခုတော့ ဘဝကထမင်းထုပ်စားနေရပြီပေါ့”ဟု ပြောသည်။
စစ်ဘေးရှောင်များကို အကူအညီပေးလိုသူများအနေဖြင့် မဲဆောက် မြို့တော်ဝန်ရုံး (city hall)တွင် သွားရောက် လှူဒါန်းပေးနိုင်သည့်အပြင် မြဝတီဘက်မှ မဲဆောက်ဘက်သို့ လူအများနှင့်ကူးလာသည့်အချိန် စစ်ဘေးရှောင်များ ဖြစ်သည်ဆိုပါက ထိုင်းစစ်သားများက လက်ခံပေးပြီး ပြင်ဆင်ထားသည့် နေရာများသို့ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ပို့ဆောင်ပေးရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ကူညီကယ်ဆယ်ပေးနေသူများထံမှ သိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားအနီးတွင် လက်ရှိအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုများပါပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။