အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် တိုက်ပွဲပြင်းထန်နေသဖြင့် မြဝတီမှ မဲဆောက်သို့ စစ်ရှောင်ရန် ဝင်ရောက်လာသည့် ကားမှာ နေ့တစ်ပိုင်းမှာတင် အစီးရေ ၂၀၀ကျော် ရှိကြောင်း သိရသည်။
ယနေ့(ဧပြီ၂၀ရက်)နံနက် ၆နာရီ၁၀မိနစ်ခန့်မှ နေ့ခင်း၁၂နာရီခွဲ ဝန်းကျင်အထိ အမှတ် ၁၊ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှနေ၍ မဲဆောက်မြို့သို့ ကားအစီးရေ ၂၀၀ကျော် ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း အမှတ်-၁ တံတား၊ မြန်မာဘက်ခြမ်းရှိ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ ကားက များလား၊ မများလားဆို အမှတ် ၁တံတားအပြည့်ပဲ။ပကန်လုပ်ပြီး ၇ရက်ကတ်နဲ့ နေထိုင်ခွင့်ယူပြီးသွားကြတာပေါ့။ ရန်ကုန်လိုင်စင်နဲ့ အိမ်စီးကားအကောင်းစားတွေ ဝင်လာတာ အစီး ၈၀လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲပြင်းထန်နေသော ယနေ့တွင် အမှတ်- ၁တံတားကို ၁၀မိနစ်ခန့် နောက်ကျပြီးမှ ဖွင့်လှစ်ခဲ့သော်လည်း ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။
မဲဆောက်မြို့တွင်းသို့ မြန်မာနိုင်ငံမှ ယာဉ်လိုင်စင်ရှိ အိမ်စီးကားများကိုသာ ဝင်ရောက်ခွင့်ပြုထား ပြီး ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကားအာမခံ(ကားပကန်)ပြုလုပ်ကာ မဲဆောက်မြို့အပါအဝင် မြို့ ၃ မြို့သို့ သွားလာခွင့်ပြုထားကြောင်း သိရသည်။
ယနေ့တွင် မြဝတီမြို့မှ ထိုင်းနိုင်ငံ၊မဲဆောက်မြို့သို့ အမှတ်-၁ တံတားပေါ်မှ တရားဝင် ဖြတ်ကာ စစ်ရှောင်လာသည့် ပြည်သူ ၃၀၀ထက်မနည်း ရှိကြောင်း မြဝတီမြို့၊၁၂ဂိတ်အနီးမှ မဲဆောက်မြို့သို့ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
“ မြဝတီမှာက တိုက်ပွဲဖြစ်မယ်ဆိုတာကို ညကတည်းကကြိုသိတယ်။ည၁နာရီလောက်ကျတော့ အမှတ် – ၂ တံတားဘက်ကနေ သေနတ်သံတွေကြားတော့ မြို့တွင်းကလူတချို့နဲ့ မြို့ပြင်က လူတော် တော်များများက အရေးကြီးပစ္စည်းတွေထုပ်ပြီး အမှတ်-၁တံတားနား လာစောင့်နေကြတာ။ အသိတွေ အိမ်ကနေ စောင့်တဲ့သူကစောင့်ပေါ့။မနက် ၇နာရီထဲက စတန်းစီလိုက်တာ မဲဆောက်ကို နေ့လယ် ၁နာရီခွဲမှ ရောက်တယ်။ ကားတွေပါတန်းစီတော့ ကြာကုန်တာ။ဒီဘက်ရောက်ကြတော့ ပိုက်ဆံအ ဆင်မပြေနေတဲ့သူတွေက တံတားနားမှာပဲ တိုက်ပွဲပြီးအောင်စောင့်ကြတယ်။ဆွေမျိုးတွေ၊ မိသားစု တွေ ရှိတဲ့သူတွေကတော့ အဲ့ သွားနေကြတာပေါ့” ဟု ၎င်းက ပြောသည်။
ယနေ့တွင် ထိုင်းနိုင်ငံ၊မဲဆောက်မြို့ ရဲတပ်ဖွဲ့က အမှတ်- ၁ တံတား၊ထိုင်းဘက်ခြမ်းမှ မဲဆောက်မြို့ သို့ လာရာလမ်းတစ်လျှောက်၌ ပတ်ကင်းများ ချထားပြီး ရဲကားဖြင့် မဲဆောက်မြို့တွင်း ကင်းလှည့်နေကြောင်း မဲဆောက်မြို့၊ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြန်မာတစ်ဦးက ပြောသည်။
“ အခုအချိန်မှာ ရဲတွေက အရင်က မပတ်တဲ့နေရာတွေကို အဓိကထားပတ်နေတာ။ဥပမာ- မယ်တောင်ဘက်တို့၊မယ်တောင်မိုင်နဲ့ အဝေးပြေးလမ်းတွေမှာပါ ကင်းပတ်နေကြတာ။မြို့ထဲမှာလည်း ရဲဆိုင်ကယ်တွေချည်းပဲ” ဟု ၎င်းက ပြောသည်။
ယနေ့နံနက်ပိုင်းတွင်ပင် မဲဆောက်မြို့၌ မြန်မာ ၂၀ခန့်ကို ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။