ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် -၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသဖြင့် ထိုင်းစစ်တပ်က အသင့်အနေအထားဖြင့် စောင့်ကြပ် နေကြောင်း သိရသည်။
အမှတ် -၂ တံတားအနီး တိုက်ပွဲသည် ယနေ့ (ဧပြီ၂၀ရက်)နံနက် ၁နာရီဝန်းကျင်က စတင်ဖြစ်ပွားခဲ့ပြီး KNLAပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြဝတီအခြေစိုက် အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပွဲက မနေ့ညက စဖြစ်တာပါ။ ည ၁နာရီလောက်မှာ အမှတ်- ၂တံတားနားက ခလရ- ၂၇၅က ကောင်တွေကို ဒရုန်းနဲ့ပစ်တာပေါ့။ အဲ့ကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတာပါ။မနက် ၅နာရီကျော်မှာ စစ်ကောင်စီဘက်နဲ့ အထိအတွေ့ပိုပြီးပြင်းလာတယ်။လက်နက်ကြီးပစ်ခတ်မှုလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
ယနေ့တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းနှင့် မြဝတီအခြေစိုက် KNUတပ်မဟာရုံးက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း Lion Battalionစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တိုက်ပွဲကတော့ ဖြစ်တော့ဖြစ်နေတာပါပဲ။ကရင်ပြည်နယ်မှာတော့ ဘယ်နေရာနေနေပေါ့နော်။ကော့ကရိတ်၊မြဝတီ ဒီဘက်က ကျုံဒိုး တစ်ကြောလုံးဖြစ်နေတာ။ကျွန်တော်တို့ဘက်က အတည်ပြုပေးလို့မရလို့ပါ။မြဝတီအမှတ်- ၂တံတားမှာလည်း တိုက်ပွဲက ခဏငြိမ်လိုက် ပြန်ဖြစ်လိုက်နဲ့ ချနေကြတာပါပဲ” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက် ၅နာရီ ၁၀မိနစ်ခန့်က မြဝတီအမှတ်- ၂တံတားအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဂျက်လေယာဉ် ဝဲပျံမှုရှိခဲ့ကြောင်း မြဝတီအမှတ် – ၂ တံတားအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
“ တိုက်ပွဲက ဒီနေ့မနက် ၅နာရီ ၁၀မိနစ်လောက်မှ စပြီးကြမ်းလာတာ။လက်နက်ကြီးပစ်တာကြီးပဲ အလုံး ၂၀ကျော်တယ်။ မြဝတီမြို့ထဲက အိမ်တွေဆို တုန်သွားတာ။လေယာဉ်နဲ့ ပစ်,မပစ်ကတော့ သေချာမသိဘူး။လေယာဉ်တော့ မနက် ၆နာရီလောက်မှာ လာတယ်။ထိုင်းဘက်ကို လက်နက်ကြီးကျလို့ ထိုင်းစစ်တပ်က ထိုင်းဘက်ခြမ်း တံတားအောက်မှာ လက်နက်တွေနဲ့ စောင့်ကြည့်နေတယ်။ဒေသခံတွေကတော့ ရှောင်တဲ့သူထက် အိမ်ထဲမှာပဲနေပြီး ပုန်းနေကြတာများပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံထဲသို့ လက်နက်ကြီးကျည် ကျခြင်းရှိ၊မရှိကိုမူ MPA အနေနှင့် အတည်မပြုနိုင်သေးပေ။
ယနေ့ နံနက် ၇နာရီ ၄၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုရပ်နားခဲ့ပြီး တိုက်ပွဲပြန်လည်ငြိမ်သက်လျက်ရှိကြောင်း သိရသည်။
အမှတ် -၂ တံတားအနီး တိုက်ပွဲပြင်းထန်ခဲ့သော်လည်း အမှတ်- ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုမူ ဖွင့်လှစ်ထားပြီး မြဝတီမြို့မှ မဲဆောက်မြို့သို့ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း အမှတ် – ၁ တံတားအနီးနေထိုင်သူတစ်ဦးထံက သိရသည်။