ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် ယမန်နေ့မှစ၍ တိုက်ပွဲများပြင်းထန်လာသောကြောင့် မြို့ခံပြည်သူများမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာသူအလွန်များပြားလာသောကြောင့် မဲဆောက်မြို့ရှိ အိမ်ခန်းများအငှားသွက်သော်လည်း ဈေးနှုန်းမြင့်တက်လာခြင်းမရှိကြောင်း သိရသည်။
“ အစ်မက မြဝတီကနေ မဲဆောက်ကိုစစ်ရှောင်လာတာပါ။ အခု ၂ ရက်ရှိပြီ မဲဆောက်ကတည်းခိုခန်းတစ်ခုမှာလက်ရှိနေနေတာ အခန်းမရသေးလို့” ဟု မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးကဆိုသည်။
တိုက်ပွဲအခြေအနေများကြောင့် ယနေ့၊ နံနက် ၉ နာရီအချိန်မှစ၍ မြဝတီမြို့အဝင်၊ အထွက်လမ်းများအားဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့သော်လည်း မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားကိုမူ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
“ ဟုတ်တယ် တစ်နေ့လုံး၊ တစ်ညလုံး၊ တစ်မနက်လုံး ပစ်ခတ်သံတွေ ဆူညံနေတာ။ တော်တော်များများ ပြောင်းရွှေ့ကုန်ကြပြီဆိုပေမယ့် ငွေရှိရှောင်၊ ငွေမရှိမရှောင် အဲ့ဒီလိုတွေဖြစ်နေကြတာ။ ကျွန်မကတော့ လောလောဆယ်မရှောင်သေးဘူး။ အထုတ်တော့အဆင်သင့်ပြင်ထားတယ်” ဟု မြဝတီမြို့တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီအနေဖြင့်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးကြီးသော မြဝတီမြို့ရှိ ခလရ ၂၇၅ မကျဆုံးရေးအတွက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများအပြင် လက်နက်ကြီးပစ်ကူများဖြင့်လည်း ဆက်တိုက်ဆိုသလို ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်နေသည်။
“ မြဝတီက စစ်ရှောင်တွေ အိမ်ခန်းငှားဖို့ ရှာဖွေသူတွေများလာတာတော့ ဟုတ်ပါတယ်။ အဲ့ဒါကြောင့်နဲ့တော့ အခန်းခတွေ ဈေးတက်တာမျိုးမရှိဘူး။ အခုကတော့ ဈေးတွေပုံမှန်ပါပဲ။ ပွဲစားတွေကြောင့် ဈေးပိုပေးရတာမျိုးတွေတော့ ရှိနိုင်တာပေါ့။ ဖြစ်နိုင်ရင် အိမ်ရှင်တိုက်ရိုက်ချိတ်ဆက်ကူညီပေးတဲ့သူတွေဆီက တစ်ဆင့်ငှားကြပါ” ဟု မဲဆောက်မြို့တွင် နေထိုင်သည့်အမျိုးသားတစ်ဦးက အကြံပြုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြ၀တီကုန်သွယ်ရေးဇုန်အတွင်းရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခြင်း၊ စိမ်းလဲ့မြိုင်ကားဝင်း မီးလောင်ခြင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်းတွင် မီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည့်အပြင် မြေပြင်တွင်လည်း ဖားအံမြို့ပေါ်ကို ဖြတ်သန်း၍ စစ်ကောင်စီ၏ ဖော(Faw)ကားနှင့် တင့်ကားအစီးရေ ၂၀ ကျော် ယနေ့ မွန်းလွဲပိုင်းက ဖားအံ-အိန္ဒုလမ်းပိုင်းအတိုင်း မြဝတီမြို့သို့ စစ်ကူလာနေကြောင်း ခရီးသွားပြည်သူများထံမှသိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများအပြား ထိုင်းနိုင်ငံသို့ တိမ်းရှောင်မှုများမြင့်တက်လာခဲ့ပြီး ယခုမြဝတီမြို့တိုက်ပွဲများကြောင့် မြို့ခံပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် တိမ်းရှောင်လာသည့် ဒုက္ခသည် ၁ သိန်းကျော်ကို နယ်စပ်တစ်လျှောက်တွင် ယာယီလက်ခံရန် ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အသိပေးပြောဆိုထားသည်။