ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ နယ်မြေ၊ ဆယ်ဇင်းကျေးရွာရှိ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဧပြီ ၉ ရက်)၊ မနက် ၇ နာရီခန့်တွင် ဆယ်ဇင်းကျေးရွာရှိ ရဲစခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIAသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချအလင်းဝင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
“ ဆယ်ဇင်းရွာမှာ တိုက်ပွဲဖြစ်တာ၊ ရဲစခန်းက ၂၃ ယောက်လက်နက်ချတာတော့ ဟုတ်တယ်။ လက်နက်တွေလည်း ၂၂ လက် ပါတယ်၊ တပ်ရင်း ၂၆ နယ်မြေမှာ ဆယ်ဇင်းပဲ ကျန်တော့တာ၊ ဆယ်ဇင်းရရင် ဟုမ္မလင်းဘက်ကို လမ်းပွင့်မှာ “ ဟု ၎င်းက ပြောသည်။
ဆယ်ဇင်းရဲစခန်းကို သိမ်းပိုက်ပြီးနောက်၊ ယမန်နေ့ (ဧပြီ ၉ ရက်)၊ ညနေ ၅ နာရီခန့်မှ စ၍ စစ်ကောင်စီတပ်နှင့် ရှမ်းနီ (SNA) ပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းတပ်စွဲထားသော ဆယ်ဇင်းကျေးရွာရှိ တာဝါတိုင်ကုန်းဟုခေါ်သည့် စစ်ကောင်စီတပ်စခန်းကုန်းကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများကပြောသည်။
“ မနေ့က (ဧပြီ ၉ ရက်) မနက်က ဆယ်ဇင်းရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ ညနေမှာ စစ်တပ်စခန်းကို ဆက်တိုက်နေကြတယ်။ ဆယ်ဇင်းရွာဘက်ကို လေယာဉ်လာရင် ကျတော်တို့ တာမခန်ရွာဘက်ကို လမ်းကြုံ ပစ်သွားမှာကို ကြောက်နေတာ၊ စိုးရိမ်နေကြတယ်” ဟု တာမခန်ကျေးရွာသားတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့ (ဧပြီ ၉ ရက်)၊ မနက် ၆ နာရီမှစ၍ မြစ်ကြီးနား – ဖားကန့်လမ်းပိုင်း၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက် ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
“ မနေ့က မနက်ကတည်းကနေ တိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီဘက်က လေယာဥ်တွေလည်းလာပြီး ဗုံးကြဲတော့ ဘုန်းကြီးကျောင်း အနောက်ဘက်က တချို့အိမ်တွေလည်း မီးလောင်ကုန်တယ်။ အတိအကျမသိရသေးဘူး။ နန့်ယား၊ လဝါး၊ ဆိုင်းဖရာနဲ့ ကပ်မှော်ဇွပ်ရွာက တချို့ကတော့ အရင်လလောက်ကတည်းက ရှောင်နေကြတာ” ဟု နန့်ယားကျေးရွာနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအတွင်း KIAက အင်းတော်ကြီး – ဝှေခါနှင့် မိုးကောင်း – ကာမိုင်းလမ်းပိုင်းပေါ်ရှိ ဝှေခါရဲစခန်း၊ ဝှေခါ နှင့် နန့်တိန်စစ်ကောင်စီတပ်စခန်း၊ ခမရ ၁၁၉ တာမခံစစ်တပ်ကုန်း၊ ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းနှင့် နမ့်မှော်ကျေးရွာအနီးရှိ တန် ၃၀၀၀ တပ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။