ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၂မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သော စခန်းသစ်ကုန်း သုံးကုန်း အနက် နှစ်ကုန်းကို TNLA က သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
အထက်ပါ စခန်းသစ်ကုန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်မှ စတင်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကုန်းနှစ်ကုန်းကိုသာ TNLA က ထိန်းချုပ်ထားနိုင်ပြီး၊ နောက်ဆုံးကုန်းကာ ယနေ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။
“နှစ်ကုန်းရပြီးလို့ ပြောတာကြားတယ်။ ဂျက်လေယာဉ်လည်း နေ့တိုင်းတက်လာတယ်။ ကင်းထောက်လေယာဉ်ဆို တစ်ရက်ကို ၁၀ ကြိမ်ထက်မနည်းဘူးလာတာ၊ ဒီနေ့ပဲ နည်းနည်းခံသာတာ၊ နေ့တိုင်းကြောက်နေရတယ်။ လေယာဉ်က ပြောလို့မရဘူး။ လျှောက်ပစ်နေတာ ”ဟု နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်တွင်လည်း နမ့်ခမ်းမြို့အနီး တိုက်ပွဲများပြင်ထန်ခဲ့ကာ၊ စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင်၊ အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက အင်တာနက်လိုင်းများဖြတ်တောက်ပြီး၊ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြေင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“နမ့်ခမ်း တိုက်ပွဲကိစ္စတော့ ကျတော်တို့ အသေးအစိတ်ကို မပြောနိုင်သေးဘူး”ဟု TNLA မှ ဒုဗိုလ်မှူးကြီး တာပန်လှက ပြောသည်။
အောက်တိုဘာ ၂၇ ရက်မှ စတင်ကာရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင်မဟာ မိတ်သုံးဖွဲ့ဖြစ်သည့် TNLA, MNDAA နှင့် AA အပါအဝင် BPLA , PLA , PDF အဖွဲ့တို့သည် စစ်ကောင်စီ အခြေစိုက် စခန်းများ၊ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန် စစ်ကောင်စီ စခန်းသေး၊ စခန်းလတ်၊ စခန်းကြီး ၂၀၀ခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။