စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မန္တလေး -မုံရွာလမ်းရှိ၊ နတ်ရေကန်ကျေးရွာဘေးတွင် ပြည်သူများအား ဆပ်ကြေးကောက်နေသည့် စစ်ကောင်စီတပ်၏ အခိုင်အမာစခန်းအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) မှ ဒရုန်းဖြင့် ဗုံးသီးချ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတပ်စခန်းအား ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ ညနေ ၅ နာရီအထိ ဒရုန်း ၄ စင်းဖြင့် တစ်စင်းပြီး တစ်စင်း ပျံသန်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်စခန်း၏ စခန်းတွင် ဂျန်ပါများ ခံထားသောကြောင့် ဒရုန်းများ ပျက်စီးသွားကြောင်းလည်း စုံစမ်းသိရှိရသည်။ နတ်ရေကန်စခန်း၊ ပစ်မှတ် ၄ နေရာကို ဒရုန်း ၄ စင်းဖြင့် ပျံဝဲကာ ဗုံးသီး ၆ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၃ လုံးသည် ပစ်မှတ်၏ အလယ်တည့်တည့်ကို ကျရောက်ခဲ့ကြောင်း CDSOM တာဝန်ခံ Ko Nway Oo Maung က MPA သို့ ပြောသည်။
“ဂျန်ပါတွေ ခံထားပြီး လုံခြုံရေးနှင့် တပ်စခန်းဖွဲ့စည်းတာ စနစ်ကျနေတာကြောင့် Drone ၄ စင်း ဆုံးရှုံးသွားတယ်။ အရင်က ချောင်းဦးရော မြောင်ရောကိုပါ Drone နဲ့ တိုက်နေတာ ရှိတယ်။ နယ်ခံတွေက ခဏခဏခေါ်လို့ နတ်ရေကန်စခန်းကို သွားတိုက်ခိုက်တာဖြစ်တယ်။ ဒီစခန်းက Drone ချလို့ မရတာကို အရင်ကတည်းက သိတယ်။ စခန်းကို ဘေးကင်းကင်းနဲ့ ပြန်လာခဲ့တယ် ” လို့ ၎င်းက ဆက်ပြောသည်။
Drone Mission ကို CDSOM အပါအဝင် မဟာမိတ်အဖွဲ့များဖြစ်သည့် CDSOM အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့ ၊ CDSOM မြောက်ပိုင်းအဖွဲ့ ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မြောင်မြို့နယ် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ နှင့် ၆ မှ တပ်ခွဲ၊ Blood Brother နှင့် Hero အဖွဲ့၊ PDF TALOKE (မြင်းခြံခရိုင် တပ်ရင်း၂)၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ချောင်းဦးမြို့ နယ်နှင့် ပကဖတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို စုံစမ်းသိရသည်။