ကရင်ပြည်နယ်၊ တောင်ငူ-သံတောင်လမ်း ရှိ (၄) မိုင်ဂိတ် (ဘုရားခြေရင်းဂိတ်) တွင် စစ်ကောင်စီ၏ အထိုင်စစ်သားများသည် ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ ငွေကြေးများ အဓမ္မယူဆောင်မှုများရှိနေသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများထံမှ သိရသည်။
ယင်းဂိတ်ကို ဖြတ်လျှင် စစ်ဆေးရေး တင်းကျပ်လေ့ရှိပြီး စားသောက်ကုန်များကိုပင် အလွယ်တကူ သယ်၍ မရဟု ဖြတ်သန်းသွားလာဖူးသူများက ၎င်းတို့၏ အတွေ့အကြုံကို ပြောပြသည်။
“သမီးက ပြည်ပကနေ ငွေလွှဲပေးလို့ တောင်ငူမြို့ကိုဆင်းပြီး ငွေသားသွားထုတ်ယူခဲ့တာပါ။ ဆန်တအိတ်နဲ့ ဆီပုံးအဝါ တစ်ပုံးဝယ်ယူပြီး နေရပ် တောင်ပေါ်ကျေးရွာကို ပြန်တက်တာ။ လေးမိုင်ဂိတ် (ဘုရားခြေရင်းဂိတ်) မှာ စစ်သားတွေက ဆိုင်ကယ်ကိုတားပြီး ငွေသားတွေကို သိမ်းယူသွားတာပါ”ဟု မေလ ၉ ရက်နေ့တွင် ကိုယ်တွေ့ကြုံတွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက MPA သို့ ရှင်းပြသည်။
(၄) မိုင်ဂိတ် (ဘုရားခြေရင်းဂိတ်) မှ စစ်သားများသည် ဆိုင်ကယ်ကိုတားပြီး စစ်ဆေးမေးမြန်းရာတွင် “ထောက်ပံကြေးလား၊ စစ်ဘေးရှောင်ကူနေတာလား” ဟု မေးမြန်းခဲ့သည်ဟုလည်း ဆိုသည်။
ငွေသားများကို သိမ်းယူပြီးနောက် ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် ဆန်တစ်အိတ်အတွက် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ထားသည့် စစ်သားတစ်ဦးက ပြဿနာရှာကာ ခြိမ်းခြောက်သေးသည်ဟုလည်း စုံစမ်းသိရှိရသည်။
“မင်းကိုယ်တိုင်ဝယ်တာလား၊ စစ်ဘေးရှောင် ထောက်ပံ့နေတာလား၊ ထောက်ပံ့ခံရတာလားလို့မေးတယ်။ ကျမတို့က စစ်ရှောင်မဟုတ်ဘူးလို့ ပြန်ဖြေပါတယ်။ ပြီးတော့ ဆန်တစ်အိတ်တည်းမို့လို့ ကင်းလွတ်ခွင့်ပေးမယ်။ နောက်နောင် ဆန်တင်ရင် ထောက်ခံစာ ယူလာလို့ ပြောတယ်”ဟု ကိုယ်တွေ့ကြုံတွေ့ခဲ့သူ အမျိုးသမီးက ဆက်လက်ရှင်းပြသည်။
တောင်ငူ-သံတောင်လမ်းရှိ (၄) မိုင်ဂိတ် (ဘုရားခြေရင်းဂိတ်) ကို ဖြတ်ခဲ့သည့် ထိုအမျိုးသမီးအနေဖြင့် စစ်သားများ၏ အတင်းအကျပ် စစ်ဆေးမှုများခံခဲ့ရပြီး ပါလာသည့် ငွေသား လေးသိန်းနှစ်သောင်းကျပ်တိတိလည်း ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
သမီးဖြစ်သူမှ ငွေလွှဲပေးခြင်းဖြစ်သည်ကို တောင်းပန်ရှင်းပြခဲ့သော်လည်း ငွေများကို ပြန်မပေးဘဲ ပြန်ခိုင်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ယခုလို အဖြစ်အပျက်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခု အာဏာသိမ်းကာလတွင် တောင်ငူ – သံတောင်လမ်းရှိ (၄) မိုင်ဂိတ် (ဘုရားခြေရင်းဂိတ်) ကို ဖြတ်သန်းသူများအနေဖြင့် မကြာခဏ တွေ့ကြုံရလေ့ရှိသည်ဟု စုံစမ်းသိရှိရသည်။