ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)သို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA)မှ ယနေ့(ဧပြီ ၂၀ရက်) အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်း သိရသည်။
“ ကျတော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ထုတ်ပြန်ချက်ကို ရုတ်သိမ်းတာသော်လည်းကောင်း၊ ပြင်ဆင်တာသော်လည်း ဖြစ်စေချင်တာ၊ သတင်းလွတ်လပ်ခွင့်နဲ့ ရယူပိုင်ခွင့်ကို ချိုးဖောက်ထားတယ်လို့ ယူဆတယ်။ သတင်းရယူခွင့်နဲ့ ပတ်သတ်ပြီး ကန့်သတ်ချက်တွေ အများကြီး တွေ့ရတယ်၊ ကျတော်တို့ သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ထိန်းချုပ်ခံရရင် လှုပ်ရှားမှုတစ်ခု လုပ်ဆောင်သွားပါမယ်” ဟု IMJA ဥက္ကဌ ကိုကျော်မင်းက ပြောသည်။
ထို့ပြင် ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒီမိုကရေစီ လူခွင့်အရေးများကို တန်ဖိုးထား လိုက်နာကာ တိုက်ပွဲဝင်နေသော အဖွဲ့အစည်းတစ်ခုဟု သိထားပြီး အာဏာရှင်များ၏ သဘောသဘာဝနှင့် ထပ်တူညီသည့် ညွှန်ကြားချက်များကို သဘောမကျသောကြောင့် ယခုကဲ့သို့ ပေးပို့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီ (၁၀)ရက်တွင် အချက် (၈)ချက်ပါသည့် မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်ကို ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းညွှန်ကြားချက်များအနက် အချက် (၅)တွင် ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စနှင့် အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်ကို တားမြစ်ကြောင်း ၊ အချက် (၆)တွင် မီဒီယာကျင့်ဝတ်ထက် ကျော်လွန်သည့် လုပ်ဆောင်ချက်များရှိခဲ့သော် သက်ဆိုင်ရာ သတင်းမီဒီယာဌာနတို့ကို IECမှ ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းမှုတစ်ရပ်ကို ခံယူရမည်ဖြစ်ကြောင်း နှင့် အချက် (၈)တွင် ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း မရှိပါက သတင်းရယူခွင့်ကို ပိတ်ပင်တားမြစ်သွားမည် ဖြစ်ကြောင်း စသည်များ ပါဝင်နေသည်။
ယခုကဲ့သို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားမှုများသည် သတင်းလွတ်လပ်ခွင့်၊ မီဒီယာကျင့်ဝတ်များနှင့်ပတ်သက်ပြီး ထောက်ပြစရာအချက်များဖြစ်နေသောကြောင့် ဝေဖန်မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။
” IECရဲ့ ထုတ်ပြန်ချက်ဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အတော်လေး သတိထားရမဲ့ ညွှန်ကြားချက်တစ်ခုပါပဲ၊ နောက်ပြီး မီဒီယာကျင့်ဝတ်ဆိုပြီး သုံးနှုန်းလိုက်တာကလည်း အတော်လေး ကျယ်ပြန့်နေပါတယ်
“ ဟု သတင်းစာပညာရှင်တစ်ဦးက ပြောသည်။
၂၀၂၃ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်မရှိခြင်းနှင့် သတင်းသမားများကို ဒုတိယအများဆုံး ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံဖြစ်ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ၏ မှတ်တမ်းများအရ သိရသည်။