NUG Pay စတင်လွှင့်တင်ချိန်တွင် ယာယီရပ်တန့်ထားရသည့် နွေဦးထီပါ ပြန်လည်ရောင်းချ လည်ပတ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ဆက်သွယ်ရေး၊ သတင်းအချက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ပြောသည်။
ယမန်နေ့ ညပိုင်းတွင် ပြုလုပ်သည့် NUGအစိုးရ သတင်းစာရှင်းလင်းပွဲတွင် ဦးထင်လင်းအောင်မှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“နွေဦးထီနဲ့ ပတ်သက်လို့ နွေဦးထီက လောလောဆယ်တော့ အခက်အခဲတွေ အများကြီးရှိနေတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ ဖုန်းတွေ၊ တယ်လီဖုန်းနံပါတ်တွေ Register လုပ်ရမယ်တို့ ဘာတို့ဆိုတဲ့အခါကျတော့ ပြည်တွင်းက payment platform တွေ သုံးပြီးတော့ သွားရတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတယ်။ လူထုရဲ့ လုံခြုံရေးကို ကျွန်တော်တို့က အဓိကထားတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့က နွေဦးထီကို ဆက်ပြီးတော့ run နိုင်တဲ့အနေအထားမျိုး မရှိဘူး။ ဒါကို ကျွန်တော်တို့ တချိန်ချိန်မှာ NUG Pay စတင်ပြီး လွှတ်တင်တဲ့အချိန်မှာတော့ ကျွန်တော်တို့ ဒီနွေဦးထီကို လည်ပတ်ကောင်းလည်ပတ်လိမ့်မယ်လို့ ဖြေကြားလိုပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောသည်။
NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ပထဆုံး Blockchain နည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေး Digital Myanmar Kyat (DMMK)အား မိတ်ဆက်ထားခဲ့ပြီး NUG Pay Payment APPဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
Digital Myanmar Kyat (DMMK)၏ ၁ယူနစ်မှာ မြန်မာငွေ ၁ကျပ်နှင့် ညီမျှပြီး ခိုင်မာသည့် ငွေကြေးဖြင့် ကျောထောက်နောက်ခံပြုထားခြင်းကြောင့် စျေးကွက်တွင်းရှိ Cryptocurrencyများကဲ့သို့ စျေးနှုန်းအတက်အကျ ဖြစ်ပေါ်နိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆက်လက်ပြောကြားသည်။
“ငွေလွှဲပြောင်းမှုအပေါ်မှာတော့ စိတ်ချလက်ချ သုံးလို့ရတယ်ဆိုတဲ့ အာမခံချက်တော့ပေးနိုင်တယ်။ မြန်မာကျပ်ကိုပဲ သုံးထားတာဖြစ်တယ်။ နောက်ကွယ်မှာ စီးဆင်းနေတဲ့ ငွေလွှဲပြောင်းရယူကြမယ့် ငွေစီးဆင်းမှုရဲ့ နောက်ကွယ်မှာရှိတဲ့ ငွေကြေးအာမခံမှုကို နောက်ကွယ်က အပေါင်ထားတဲ့ငွေလို့တော့ ပြောကြတာပေါ့။ တကယ့်လက်ရှိ အဲ့ဒီငွေကို ကျွန်တော်တို့မှာရှိတဲ့ ငွေပမာဏနဲ့ ဒါကို စတင်လည်ပတ်မှာဖြစ်ပါတယ်လို့ တိတိကျကျဖြေလိုပါတယ်။ အရပ်သားစကားနဲ့ ပြောရရင် လေထိုးလေလျော်ပေါ့နော်။ ပိုက်ဆံမရှိဘဲ နောက်ကွယ်မှာ ဒီအက်ပလီကေးရှင်းကြီးကိုလုပ်ပြီး ဒီငွေကို လည်ပတ်နေတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ အဲ့ဒီငွေနဲ့ ညီမျှတဲ့ amount ကို ဘဏ်တစ်ခုမှာ ရှိနေပါတယ် ” ဟု ဦးထင်လင်းအောင်က ပြောသည်။
NUG Payကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ ၊ ဩစတြေးလျနိုင်ငံ၊ UKနှင့် အမေရိကန်နိုင်ငံများတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်ထားပြီး Pilot Projectကို အေးဂျင့် ၁,၀၀၀ဦး NUGPay Wallet စုစုပေါင်း ၁၀,၀၀၀ ဖြင့် ကနဦး စတင် လုပ်ဆောင်မည်ဟု NUG Pay က ကြေညာထားသည်။
NUG Payသည် နွေဦးတော်လှန်ရေးအတွက် အထောက်အကူဖြစ်နိုင်သော်လည်း ပြည်တွင်းငွေကြေး သုံးစွဲလည်ပတ်မှုများတွင် လိုအပ်ချက်များ ရှိနိုင်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များမှ သုံးသပ်နေကြသည်။
“အေးဂျင့်ဆီမှာ ငွေသွင်းမယ် ငွေသွင်းတယ်ဆိုတာနဲ့ ငွေသားသွားပေးမလား လက်ရှိသုံးနေတဲ့ M-Banking တစ်ခုခုသုံးပြီး သွင်းမလား ဒီနှစ်ခုပေါ့၊ သွင်းပြီးသွားရင်တော့ ကိုယ်လှူချင်တန်းချင်တာတွေကို မကြောက်ရတော့ဘဲ လှူလို့ရသွားမယ်၊ အေးဂျင့်ဆီကို ငွေသွင်းချိန်မှာသာ တစ်ချက်သတိထားရမယ်ဆိုတဲ့ သဘောပဲ၊ ဒါက အခုတော်လှန်ရေးအတွက်တော့ အထောက်အပံ့ကြီးတစ်ခုဖြစ်မှာပါ။ Gameတွေ ကစားသလို ယူနစ်ဝယ်ပြီး အကောင့်ဖွင့်တဲ့သဘောပဲမို့ ပြင်ပလုပ်ငန်းတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့ မလွယ်ဘူး ” ဟု ရန်ကုန်မြို့အခြေစိုက် ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ NUG Pay မိတ်ဆက်လာမှုအပေါ် အကြမ်းဖက်စစ်ကောင်စီမှလည်း ပြည်သူများ အသုံးမပြုနိုင်စေရန် ဖိအားပေးမှုများကို ကြိုတင်လုပ်ဆောင်သည့် အနေဖြင့် ဇွန်လ ၁၀ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ငွေပေးချေမှုများဆောင်ရွက်နိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ဘဏ် (၁၈)ဘဏ်၊ အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၀)ဘဏ်၊ မိုဘိုင်းငွေပေးချေမှု ဆောင်ရွက်ရန် ဘဏ် (၈)ဘဏ်ကိုသာ ခွင့်ပြုထားပြီး ခွင့်ပြုထားခြင်းမရှိသည့် Mobile Payများ အသုံးပြုပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၂အရ အရေးယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ကြေညာထားသည်။
NUG Payသည် ယူနစ်အသုံးပြု ငွေကြေးစနစ်တစ်ခုအဖြစ် တည်ဆောက်နေခြင်းဖြစ်သောကြောင့် သုံးစွဲသူ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသည့် Pay တစ်ခုဖြစ်လာနိုင်ကြောင်းလည်း ပြောကြားမှုများ ရှိနေသည်။
“အလွယ်ပြောရရင် ငွေသားပေးမယ် ယူနစ်ယူမယ်၊ ဒီယူနစ်ကို ဒီအဖွဲ့အစည်းထဲက လူတွေကပဲ ကိုင်တွယ် အသုံးပြုနေမှာ၊ အဲ့ဒီတော့ စစ်ကောင်စီလက်အောက်ခံ Payတွေကို သုံးစရာမလိုတော့ဘူး၊ အခုက တော်လှန်ရေးအတွက် ထောက်ပံ့ရင်တောင် စစ်ကောင်စီဘက်က Payတွေကို သုံးနေရတာ၊ ထိုင်းက လုပ်သားတစ်ယောက်က သူ့အိမ်ကို ငွေသားပို့ချင်ရင် ထိုင်းက NUG Pay အေးဂျင့်ဆီသွားငွေသွင်းမယ်၊ ပြည်တွင်းမှာ NUG Pay လိုချင်သူဆီကို လွှဲမယ်၊ အဲ့ကနေ ငွေသားပြန်ယူမယ်ဆိုတာမျိုး လုပ်ဆောင်လို့ ရနိုင်မယ် ” ဟု ရန်ကုန်မြို့နေ အသေးစားငွေချေးလုပ်ငန်း ဒုတိယမန်နေဂျာတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် NUG Payအား မိတ်ဆက်လာသော်လည်း စတင်အသုံးပြုနိုင်မည့် နေ့ကိုမူ ထည့်သွင်းကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။