ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကောင်းတုံကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောင်းတုံကျေးရွာသို့ လက်နက်ကြီးကျည် သုံးလုံးကျရောက်ခဲ့ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သော နေအိမ်သည် အိမ်ရှင်အမျိုးသားအပါအဝင် မိသားစုဝင်သုံးဦး နေထိုင်သည့် နေအိမ်ဖြစ်ကြောင်း သိရသည်။
“ လက်နက်ကြီးကျတဲ့အိမ်က အမျိုးသမီးကတော့ အရမ်းအခြေအနေဆိုးတယ်လို့ သိရတယ်။ ဗန်းမော်ဆေးရုံမှာ၊ ကျန်နှစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းပဲရတာ” ဟု ကောင်းတုံကျေးရွာဒေသခံနှင့်နီးစပ်သူ မံစီမြို့ခံတစ်ဦးက ပြောသည်။
ကောင်းတုံကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးမှာ မံစီမြို့နယ်မှာရှိ ခလရ ၂၅၀ တပ်ရင်းမှ ပစ်ခက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
“ စင်းခန်း၊ မြလယ်၊ ကောင်းတုံရွာတွေက မနှစ်ကလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်လို့ စစ်ဘေးရှောင်ရတယ်။KIA ဘက်က စခန်းတွေသိမ်းထားတော့ အခုလည်း ကြောက်ပြီး လျှောက်ပစ်တာဖြစ်နိုင်တယ်” ဟု ဗန်းမော်မြို့မှ အမျိုးသမီးတစ်ဦး က ဆိုသည်။
ကောင်းတုံကျေးရွာသည် ဧရာဝတီမြစ်ကမ်းတလျှောက်တွင် တည်ရှိသော ကျေးရွာဖြစ်ပြီး၊ မံစီမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်တွင်လည်း မံစီမြို့နယ်ရှိ ခလရ ၂၅၀ လက်အောက်ခံ စစ်ကောင်စီတပ်စခန်းကြီး(ဒေသအခေါ် ဘလောင်ဒိန်ဆာစခန်း)ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သိမ်းပိုက်နိုင်ခဲ့သေးသည်။