ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက် (၃) တွင် ရှိသော KIO အုပ်ချုပ်ရေးရုံးကို ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် အလစ်ငိုက် တိုက်ခိုက်စီးနင်းကာ မီးရှို့ ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” KIO အုပ်ချုပ်ရေးရုံးလို့ပြောရမလား၊ KIO တပ်သားတော့ အများကြီး မရှိတဲ့နေရာပါ။ UG လို့ ခေါ်တဲ့ သူတို့ထဲက (၃) ယောက်ကိုတော့ သတ်သွားတယ်၊ ဖမ်းဆီးထားတဲ့ သုံ့ပန်း အယောက် ၃၀ ခန့်ကို ပြန်ခေါ်သွားပြီး KIO တပ်သား ၇ ယောက်လောက်ကိုတော့ စစ်တပ်ကဖမ်းခေါ်သွားတယ်လို့ကြားတယ်” ဟု ရပ်ကွက်(၃)တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ ဝင်ရောက် စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဗျုဟာကုန်းမှ တပ်မ (၇၆)၊ ခ.မ.ရ (၁၃) နဲ့ ဆိုင်းတောင် အမှတ် (၃၀) ရဲစခန်းမှ စစ်သားနှင့် ရဲတပ်ဖွဲ့များမှ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIO နှင့် နီးစပ်သူထံမှ သိရသည်။
” ဖားကန့် ဗျုဟာကုန်း တပ်မ (၇၆)၊ ခ.မ.ရ (၁၃) နဲ့ အမှတ် (၃၀) ရဲစခန်းတွေပေါင်းပြီး အိမ်စီးကားတွေနဲ့ လာရောက် တိုက်ခိုက်မီးရှို့ခဲ့တယ်လို့ ကြားတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
စီးနင်းမီးရှို့ခံခဲ့ရသည့် KIO ရုံးတွင် ယခုဆိုလျှင် KIA ဘက်မှ အင်းအားအများအပြား ပြန်လည်ချထားပြီ ဖြစ်ကြောင်း၊ ယင်းရုံးသည် ယခင်ကတည်းက KIA တပ်ဖွဲ့များအတွက် ပုံမှန်အသုံးပြုသည့် ရုံးနေရာ မဟုတ်ဘဲ တော်လှန်ရေး UG အဖွဲ့များနှင့် စစ်သုံ့ပန်းများအတွက် အဝင်အထွက်ပြုရာ နေရာ အဖြစ် ခဏတဖြုတ် အသုံးပြုသည့် နေရာတခု ဖြစ်ကြောင်း စုံစမ်းသိရသည်။