စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေးရွာရှိ စံပ္ပာယ်ရုံကျောင်းဆရာတော်ကိုအကြမ်းဖက်စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို ကူညီသည်ဟု စွပ်စွဲကာ လူဝတ်လဲပြီး ဖမ်းဆီးထားကြောင်း သိရသည်။
အောက်တိုဘာလ၇ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စံပယ်ရုံကျောင်းမှ ဆရာတော်နှင့် ဘုန်းကြီး ၅ပါးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ယနေ့နေ့လယ်ပိုင်းတွင် ဘုန်းကြီး၅ပါးကို ပြန်လည်လွှတ်ပေးခဲ့ကာ ဆရာတော်ကိုမူ ပြည်သူ့ကာကွယ်ရေးတပ်အား ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲ၍ လူဝတ်လဲကာ ဆက်လက်ဖမ်းဆီးထားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
“ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ဘုန်းကြီး၅ပါးကို ပြန်လွှတ်လိုက်တယ် ဆရာတော်ကိုတော့သိက္ခာချ လူဝတ်လဲပြီးဖမ်းထားတာပေါ့” ဟု မြောင်ဒေသခံတစ်ဦးကဆိုသည်။
အောက်တိုဘာလ၆ရက်နေ့တွင် မင်းတန်းကျေးရွာမှ ဒလန်တစ်ဦး အသတ်ခံရပြီးနောက် အောက််တိုဘာလ၇ရက်နေ့တွင် စစ်တပ်က ရွာသို့ဝင်ရောက်ခဲ့ပြီး နေအိမ်၅လုံးကို မီးရှို့ကာ ရွာကျောင်းဆရာတော်နှင့်ဘုန်းကြီး၅ပါးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
မင်းတန်းကျေးရွာရှိ ကျေးရွာသားအများအပြားသည် စစ်ရှောင်နေကြရကြောင်း ဒေသခံထံမှသိရသည်။ စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်လေ့ရှိသဖြင့် ဒေသခံများအနေဖြင့် ပြေးလွှားနေကြရခြင်းဖြစ်သည်။
စစ်ကိုင်းအတွင်းရှိ ကျေးရွာအချို့တွင်လည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ အစားအသောက်များယူဆောင်ခြင်း၊ ပစ္စည်းများ ခိုးယူခြင်းများပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။