ကရင်နီပြည်နယ်၊ ဖရူဆိုအနောက်ခြမ်းတစ်နေရာတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ယနေ့ (ဧပြီ ၂၀ရက်) နံနက် ၁၀ နာရီခန့်က နေပြည်တော်တိုင်းစစ်ဌာန အပတ်စဉ်၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး သင်တန်းသား ၇၆ ဦးကို သင်တန်းကာလ ၄၅ရက် ကြာ အခြေခံစစ်ပညာ ပို့ချပေးခဲ့ကြောင်း သိရသည်။
“ စစ်အုပ်စုကနေ စစ်မှုထမ်းဥပဒေ ထုတ်ပြန်လို့ ထွက်လာသူတွေပါတယ်။ တချို့ကလည်း အဲ့ဒီမတိုင်ခင်က လာကြသူတွေ ဖြစ်တယ်။ ဒီသင်တန်းပြီးသွားရင်တော့ သက်ဆိုင်ရာနယ်မြေတွေမှာ အသီးသီး နေရာချထားပြီး တိုက်ပွဲတွေ ဖော်ဆောင်သွားမှာပါ” ဟု နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဦးစီးချုပ် ဗိုလ်လက်ယာက MPA သို့ ပြောသည်။
နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်များသည် EAO များနှင့်အတူ တိုက်ပွဲများဖော်ဆောင်နေပြီး နယ်မြေစိုးမိုးမှုအနေဖြင့် ထိန်းချုပ်ထားသည့် နယ်မြေများ ရှိကြောင်း ၎င်းက ပြောသည်။
“ တပ်ရင်း၊တပ်ခွဲက အဖွဲ့အစုံက လူငယ်တွေကို အခြေခံစစ်ပညာကို သင်ကြားပေးရတယ်။သင်တန်းကွင်းကလည်း ဒေသခံ အဖွဲ့အစည်းတွေက ချပေး သတ်မှတ်တဲ့နေရာကို ကွင်းလုပ်ရတာမို့ လေ့ကျင့်ရေးကွင်းကတော့ ခက်ခဲတယ်။ ဒါပေမယ့် အခုတော့ ခက်ခက်ခဲခဲနဲ့ပဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်” ဟု အခြေခံစစ်ပညာ သင်တန်းပေးသည့် သင်တန်းဆရာ တစ်ဦးက ဆိုသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဦးစီးအဖွဲ့က တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
















