စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား နှင့် ရဲ ၁၁ ဦး သေဆုံးကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှစ၍ ည ၁၁ နာရီခန့်အထိ မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးနှင့် ရဲ၉ဦး သေဆုံးကာ အများ အပြားဒဏ်ရာရခဲ့ပြီး ရဲစခန်း ဘန်ကာအား မဖြိုနိုင်၍ PDF ပူးပေါင်းတပ် ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း CDSOM (မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့)ထံက သိရသည်။
“ကျနော်တို့လုပ်လိုက်တာကလည်း မြောင်ရဲစခန်းရော ထွေအုပ်ရော ဆိုတော့ လောဘကြီးသွားတယ်ပေါ့။၂ ခုစလုံးအပြတ်ချလိုက်တာပါ။ရဲစခန်း တစ်ခုတည်း ဆို ၁ နာရီခွဲလောက်နဲ့သိမ်းလိုက်နိုင်တယ်”ဟု CDSOM တာဝန်ခံ ရဲဘော်နွေဦး ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း မြင်းခြံမြို့နယ်၊ ဆီးမီးခုံနှင့်ငါန်းဇွန်နယ်၊ငါန်းမြာမှ စစ်သင်္ဘော ၂ စီး၊စက်လှေ ၁၀ စီးဖြင့် စစ်ကူလာခဲ့ရာ PDFပူးပေါင်းတပ် ဆုတ်ခွာပြီးနောက် ည၁၁နာရီကျော်၌ မြောင်မြို့တွင်းသို့ ရောက်ရှိကြောင်းသိရသည်။
“ဘန်ကာဖြိုဖို့နေရာမှာ လက်နက်ကြီးပိုင်းအားနည်းသွားတာ။ဘန်ကာက ကျွန်းတုံးအကြီးကြီးတွေနဲ့လုပ်ထားတာ။ကျနော်တို့က စခန်းအတွင်းထိတော့ မဝင်နိုင်ဘူး။အုတ်နံရံနားထိကပ်ပြီး လက်ပစ်ဗုံးတွေနဲ့လည်းပစ်တယ်။လက်နက်ငယ်တွေနဲ့ လည်းပစ်တာမျိုးတွေလုပ်ပါတယ်။ဘန်ကာဖြိုနိုင်ရင်တော့ စခန်းသိမ်းနိုင်ပါပြီ”ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့်PDF ရဲဘော် တစ်ဦး ကပြောသည်။
ယင်းတိုက်ပွဲတွင် PDFရဲဘော် ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို CDSOM ၊မြင်းခြံခရိုင် တပ်ရင်း-၂ ၊ စဥ့်ကိုင် ပကဖ နှင့် Local PDF စုစုပေါင်း တပ်ဖွဲ့၂၀ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားနှင့် ရဲ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။