တတိယအကြိမ်မြောက် အထူးကွန်မန်ဒိုရဲဘော်များ ထပ်မံမွေးထုတ်လိုက်နိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း(၃)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကိုင်းခရိုင်၊ တပ်ရင်း အမှတ်(၃)တွင် ၃လကြာ စစ်ပညာသင်ကြားခဲ့သည့် အထူးကွန်မန်ဒိုများ သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။
“ ဒါက သုံးကြိမ်မြောက်ပေါ့။ ဒီသင်တန်းက သုံးလပေမယ့် အရင်က စစ်သင်တန်း တက်ပြီးသားသူတွေလည်း ပါတယ်။ ဒီသင်တန်းမှာဆို ခက်ခဲကြမ်းတမ်းတဲ့ စစ်ပညာတွေ တိုက်ခိုက်ရေးပညာတွေအပြင် တပ်မတော်တစ်ရပ်ရဲ့ အဆင့်ဆင့် အမိန့်စီးဆင်းမှု နဲ့ စစ်တပ်တစ်တပ်ရဲ့ လုပ်ငန်းတာဝန်တွေကို သိရှိစေဖို့ ဦး၊ ရေး၊ ထောက် ဆိုင်ရာ အခြေခံသဘောတရားတွေ သင်ကြားပို့ချပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
အထူးကွန်မန်ဒို သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး၏ သ၀ဏ်လွှာအားဖတ်ကြားခြင်း၊ စစ်ရေးပြခြင်း၊ တပ်ရင်းတာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်းနှင့် ဆုရသင်တန်းသား/သူ များအား ဆုချီးမြင့်ခြင်းတို့ ပြုလုပ်ခဲ့ သည်။
အထူးကွန်မန်ဒို အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂ သင်တန်းတို့ကို ၂၀၂၂ ခုနှစ် အတွင်း ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းဆင်း ရဲဘော်တို့မှာ တော်လှန်ရေးဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကာ အချို့မှာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်သွားကြပြီဖြစ်ကြောင်း သိရသည်။