စစ်ကိုင်းတိုင်း၊ ကနီမြို့အဝင်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သား ၁၀ ဦး သေနတ်ဖြင့် အပစ်ခံရသဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးသွားကြောင်း သိရသည်။ အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ကနီမြို့အဝင် ဆိုင်းဘုတ်အနီးသို့ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သား ၁၀ ဦးပါ တပ်စိတ်ကို ကနီမြို့အဝင် ကြို့ပင်အရောက်တွင် DRPA တပ်ဖွဲ့က စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ မြို့ထဲသို့ ပြန်ပြေးသွားခြင်းဖြစ်သည်။
“ သူတို့က ခါတိုင်းဆို စစ်သား ၂၀လောက် တပ်စိတ် နှစ်စိတ်နဲ့လာပြီး ကင်းစောင့်လေ့ရှိတယ်။ဒီနေ့က ၁၀ယောက်ပေါ့။ တပ်စိတ် တစ်စိတ်လာတော့ ကျွန်တော်တို့ ပစ်တာ ပြန်တောင်မပစ်နိုင်ဘဲ ထွက်ပြေးသွားတယ်” ဟု ၎င်းကပြောသည်။
စစ်သား ၁၀ ဦး သည် ကျည်တစ်ချက်မျှ မပစ်နိုင်ဘဲ ကနီမြို့အတွင်းသို့ ကျည်ထိဒဏ်ရာများဖြင့် ထွက်ပြေးခဲ့သောကြောင့် DRPAတပ်ဖွဲ့က ရပ်ကွက် ၃ထိပ်အထိ လိုက်လံပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ အထိအခိုက်ကရှိတယ်။ဒီကောင်တွေ ကျည်ထိတယ်။ တစ်ယောက်နဲ့တစ်ယောက် တွဲခေါ်ပြီး ထွက်ပြေးတာတွေ မျက်မြင်တွေ့လိုက်တယ်။ အကျအဆုံးကို အတိအကျ အတည်မပြုနိုင်ပါဘူး။ကျွန်တော်တို့ဘက်က ဘယ်သူမှ မထိပါဘူး” ဟု ၎င်းက ပြောသည်။
DRPA ရဲဘော်များမှာ အထိအခိုက်လုံးဝမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်။