ရန်ကုန်မြို့အတွင်း COVID-19 ရောဂါပိုးကူးစက် မှုနှင့် သေဆုံးမှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး သန်လျင်မြို့နယ် သဘာဝတရားရိပ်သာတွင် နေ့စဉ်ကိုဗစ်လူနာ ၁၀ ဦးထက်မနည်းသေဆုံးနေကြောင်း သိရသည်။
သဘာဝတရားရိပ်သာမှ ဖွင့်လှစ်ထားသည့် ဆေးရုံအား ကိုဗစ်စင်တာပြုလုပ်ထားပြီး နေ့စဥ် ပို့ဆောင်လာသည့်ကူးစက်လူနာနှင့် သေဆုံးလူနာ များပြားလျှက်ရှိသည်။
“ ဆရာတော်ဖွင့်ထားတဲ့ ဒီခြောက်ထပ်ဆေးရုံကို ကိုဗစ်စင်တာလုပ်လိုက်တာ ၁၂ရက်လောက်ရှိပြီ။ အဲ့ဒီစဖွင့်ပြီးလက်ခံပြီးထဲက တရက်ကို အနည်းဆုံး ပျမ်းမျှ ၁၀ ယောက်လောက် သေနေတယ်” ဟု သဘာဝ တရားရိပ်သာအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့ တခု၏ ခေါင်းဆောင်က MPA သို့ ပြောသည်။
သေဆုံးမှုများ မြင့်တက်နေသော်လည်း စစ်ကောင်စီ၏ သေဆုံးမှုစာရင်း ထုတ်ပြန်ချက်နှင့် များစွာ ကွာဟနေ၍ ရန်ကုန်မြို့ ပရဟိတအဖွဲ့ များမှ ဝေဖန်လျှက်ရှိသည်။သို့သော် ဆေးရုံများတွင် သေဆုံးသည့် ကိုဗစ်ကူးစက်ခံရသူများကိုသာ ထုတ်ပြန်ပြီး လမ်းများ၊ နေအိမ်များတွင် နေထိုင်ကုသပြီး စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဌာနနှင့် မဆက်သွယ်ပဲ သေဆုံးကြသူများကို ထည့်သွင်း မတွက်ခြင်းဟု ၎င်းတို့က MPA သို့ ပြောပြသည်။
“ သေဆုံးသူဆိုတာ ဆေးရုံမှာ သေဆုံးသူကိုသာ ရေတွက်ပါတယ်။ မိမိအိမ်မှာ သေဆုံးသူသည် မည်သည့်ရောဂါဖြင့် သေဆုံးတယ်ဆိုတာ ဓာတ်ခွဲ စစ်ဆေးမှု့ မလုပ်ထားပါသဖြင့် ထည့်သွင်းမတွက်ချက်ပါ။ ဒီဟာကို သေချာ နားလည်ဖို့ လိုပါတယ်” ဟု စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှု့ကွန်ယက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။
သဘာဝတရားရိပ်သာတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကိုပင် သုဿာန်သို့ ပို့ဆောင်ရန် ကားအခက်အခဲရှိသဖြင့် သေဆုံးသူ ရုပ်အလောင်းများ တခါတရံ စုပုံထားရသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် သန်လျင်မြို့ခံ တဦးကလည်း MPA သို့ပြောသည်။
ကိုဗစ် ဒုတိယလှိုင်း အရပ်သားအစိုးရလက်ထက်တွင် သန်လျင် သဘာဝတရားရိပ်သာရှိ အဘိုး၊ အဘွား ၁၀၀ ကျော် ကိုဗစ်ပိုးကူးစက် ခံခဲ့ရပြီး သေဆုံးသူ အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။