ဦးဘိုမင်း*သည် ၁၉၈၀ ခုနှစ်များတွင် ဆေးရုံတစ်ခု၏ ဓါတ်ခွဲခန်း၌ လက်ထောက်တစ်ဦးအနေဖြင့် ၂ နှစ်ခန့် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ယင်း လက်ထောက်ဝန်ထမ်းအဖြစ်မှ အနားယူကာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် (IWTC) ဌာနတွင် ၅ နှစ်နီးပါး လုပ်ကိုင်ခဲ့သည်။
ထို့နောက် ၎င်း၏ အပြောင်းအရွှေ့ကာလ အတွင်းတွင် လူမျိုးရေးအကြောင်းပြချက်ဖြင့် ပြောင်းရွှေ့ခွင့်မရခဲ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ရဲဝန်ထမ်းအဖြစ် ၉ နှစ်တိုင် အလုပ်လုပ်ခဲ့ရသည်။
“အဲ့ဒီခေတ် အဲ့ဒီအချိန်ကာလတွေမှာ ကတည်းက စစ်အာဏာရှင်နဲ့ သူ့ရဲ့ လက်ပါးစေတွေက လူမျိုးရေးခွဲခြားမှုတွေကို လုပ်ဆောင်ခဲ့တာ။ မင်းကတော့ ရခိုင်မို့လို့၊ ငါကတော့ ဗမာမို့လို့ဆိုတဲ့ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေက အမှိုက်ကစပြီး ပြဿဒ်မီးလောင် ဆိုသလိုပေါ့။ တစ်စတစ်စနဲ့ ပိုပိုကြီးထွားလာခဲ့တာ ဒီနေ့ထိပဲလေ”ဟု စစ်အာဏာရှင်တို့လက်အောက်၊ လူမျိုးရေးခွဲခြားမှုများကို ဦးဘိုမင်း*က ပြောပြသည်။
ထိုကာလများတွင် ဦးဘိုမင်း*သည် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသူဖြစ်ပြီး ယင်းအမှုကိစ္စများကို ဖော်ထုတ်ရန်နှင့် လူအခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များကို ပြည်သူများ သိရှိနားလည်လာစေရန်အတွက် တစ်စုံတစ်ခုကို လုပ်ပေးချင်ခဲ့သော်လည်း အခွင့်မသာခဲ့။
၁၉၉၀ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီကောင်စီဝင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် ယင်းပါတီမှာ စစ်အာဏာရှင်၏ ဖျက်သိမ်းခြင်းခံခဲ့ရသည့်အတွက် ယင်းအချိန်မှ စတင်ကာ ပါတီဝင်များစုစည်းကာ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအတွက် အကျိုးပြုလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီး ၁၀ စုနှစ်တစ်ခု ကြာသည်အထိ လုပ်ဆောင်ခဲ့သေးသည်။
ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများ၏ အခွင့်အရေးသည် အာဏာရှင် ခေတ်အဆက်ဆက်တွင် တိတ်ဆိတ်နေခဲ့ရသည့်အတွက် ပြည်သူများအား လူ့အခွင့်အရေး အသိပညာပေးလိုစိတ်ရှိသူ ဦးဘိုမင်း*အတွက် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် သံဃာ့အရေးအခင်းက ရခိုင်လူမျိုးများ၏ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်သူတစ်ယောက်အဖြစ် ထဲထဲဝင်ဝင် လုပ်ကိုင်စေရန် လမ်းစဖြစ်လာခဲ့ရသည်။
“၂၀၀၉ ပေါ့၊ အဲ့ဒီမှာ စပြီး အမှုဖွင့်ခံရတယ်။ ၂၀၀၇ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကိစ္စတွေကြောင့်ပေါ့။ ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၊ ၁၃/၁ လို့ ခေါ်တဲ့ လ.ဝ.က ပုဒ်မ၊ အီလက်ထရောနစ် ပုဒ်မ၊ ၁၂၄ ပုဒ်မ အဲ့ဒါတွေနဲ့ အဖမ်းခံခဲ့ရတယ်”ဟု ၎င်းက ရှင်းပြသည်။
၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး လွတ်မြောက်ချိန်မှစ၍ ဘဝတူနိုင်ကျဉ်းများဖြင့် ပူးပေါင်းကာ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
“၂၀၁၁ အကုန် ၂၀၁၂ အကူးမှာ အဖွဲ့အစည်းဖြစ်ခဲ့တယ်။ ရန်ကုန်မှာပဲ အခြေစိုက်ခဲ့တယ်။ နောက် ၂၀၁၇ မှာ ရခိုင်ပြည်ကို ပြောင်းလိုက်တယ်။ ၂၀၁၉ မှာ မှတ်ပုံတင်ပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုတွေရဲ့ လူမှုရေးနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးတွေကို တရားဝင်မှတ်တမ်းတင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်လာခဲ့တာပေါ့”ဟု ဦးဘိုမင်း*က ၎င်းအနေဖြင့် ရခိုင့်လူ့အခွင့်အရေးမြှင့်တင်သူတစ်ဦး ဖြစ်လာပုံကို ပြောပြသည်။
လက်ရှိတွင် အဖွဲ့ဝင် ၂၀၀ နီးပါးရှိသည့် ဦးဘိုမင်း*ဦးဆောင်သော ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့သည် Volunteer အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များ၏ ထည့်ဝင်ကြေးနှင့်သာ Article 30 (လူ့အခွင့်အရေးကြေညာစာတမ်း အချက် ၃၀) ကဲ့သို့သော စာစောင်များကို ထုတ်ဝေခဲ့ရကာ အခက်အခဲများနှင့် ဖြတ်သန်းခဲ့ရသည့် အဖွဲ့တစ်ခုဖြစ်သည်။
“ရခိုင်ဒေသတွင်းမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်ကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို တိုက်ရိုက်တိုင်ကြားကြတာပေါ့။ ဒါပေမယ့် သူတို့က ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တာမရှိဘူး။ တစ်ချို့ကိစ္စတွေကိုဆိုရင် စစ်တပ်နဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် လုပ်မပေးနိုင်ဘူးဆိုပြီး အပြတ်ကို ငြင်းတာမျိုးတွေပါ ရှိခဲ့တယ်”ဟု ဆိုသည်။
ပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ငြင်းဆိုမှုများ ရှိနေသည့်အချိန်မှာပင် ၎င်းတို့အဖွဲ့အနေဖြင့် ဖြေရှင်းမပေးနိုင်သော်လည်း ထိုအချက်များကို မှတ်တမ်းယူထားပြီး နိုင်ငံတကာက အဖွဲ့အစည်းများသို့ တင်ပြနိုင်ခဲ့သည်။
“ဒီလိုလုပ်ဆောင်ချက်တွေကပဲ ရခိုင်ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုတစ်ခုကို ရခဲ့တာပေါ့”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အဖွဲ့ဝင်များ၏ ထည့်ဝင်ကြေးနှင့်သာ ရပ်တည်ခဲ့ရသော ဦးဘိုမင်း* ဦးဆောင်သည့် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့သည် ရခိုင်ဒေသတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှု၊ အမျိုးသမီးများအပေါ် အတင်းအဓမ္မပြုကျင့်မှုနှင့် နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုများကို ၁၀ စုနှစ်တစ်ခုကြာ မှတ်တမ်းတင်နိုင်ခဲ့သည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ ယခုလက်ရှိချိန်ထိ ၁၀ စုနှစ်တစ်ခုကြာ လုပ်ကိုင်လာသော ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့သည် အစိုးရဆက်ဆက်တွင် မည်သည့် အဖွဲ့အစည်းများနှင့်မှ ဆွေးနွေးညှိနှိုင်းမှုများ မရခဲ့ပေ။
“အဲ့ဒီအချိန်ကာလတွေတုန်းကတော့ ဆွေးနွေးခွင့်ရရေးကသာ စိန်ခေါ်မှုတစ်ရပ်ပေါ့။ ဒါပေမဲ့လည်း ဘယ်အစိုးရမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတဲ့ လှုပ်ရှားတဲ့ သူတွေဟာ အဖမ်းခံရဖို့အတွက် ၇၀ ရာခိုင်နှုန်းက သေချာတယ်”ဟု ဦးဘိုမင်း*က ပြောပြသည်။
သို့သော်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ဖော်ထုတ်ပြီး မှတ်တမ်းတင်နိုင်ရန်က အဓိက ဖြစ်သည့်အတွက် စာစောင်များ ထုတ်ကာ နိုင်ငံတကာသိအောင် ကြိုးပမ်းခဲ့ကြသည်။
NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ရခိုင်ဒေသအတွင်း တိုက်ပွဲများကြောင့် အစိုးရမှ ရခိုင်ဒေသရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မြေပုံ၊ ရသေ့တောင်၊ မောင်တောနှင့် ပလက်ဝဒေသတို့ကို အင်တာနက်ဖြတ်တောက်ခဲ့သည်။
ယင်းအချိန်တွင် ဦးဘိုမင်း*ဦးဆောင်သည့် ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့သည့် တရားဝင်လုပ်ကိုင်ခွင့် မှတ်ပုံတင် ရရှိစအချိန်ဖြစ်သည့်အတွက် အင်တာနက်အခက်အခဲကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
“အစိုးရရဲ့ အင်တာနက်ဖြတ်မှုတွေက နိုင်ငံတကာက အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပြန်တယ်။ အင်တာနက်ရဖို့ မိုင်ပေါင်းများစွာ ဝေးတဲ့ ခရီးတွေကို သွားခဲ့ရတယ်။ ကုန်ကျစရိတ်တွေကိုလည်း ကိုယ့်အိတ်ကိုယ်စိုက်ပြီး သွားရတာပေါ့။ ဒါပေမယ့်လေ ဘယ်လိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါစေ ကိုယ့်လူမျိုး ကိုယ့်ပြည်သူအတွက်ဆိုတဲ့ အတွေးက ပီတိဖြစ်နေတာပဲ”ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ စစ်၏ အနိဋ္ဌာရုံကို ခံစားနေကြရသည့်အချိန်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းသည် NLD အစိုးရလက်ထက် စစ်တပ်ကို ဦးဆောင်နေသော ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ စစ်တပ်မှ လူ့အခွင့်ရေးချိုးဖောက်နေမှုများနှင့် အကြမ်းဖက်နေမှုများကို အားပေး၊ အားမြောက်ပြုရာ ရောက်သည့်အတွက် ဖြတ်တောက်ထားသည့် အင်တာနက်ဝန်ဆောင်မှုအား အမြန်ဆုံး ပြန်လည်သုံးစွဲခွင့်ပြုရန် ရခိုင်အမျိုးသားပါတီ၏ မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့သည်။
ထို့အတူ ၂၀၁၉ စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြား မြို့နယ်တို့အား (၁၀၁) ရက်ကြာ အင်တာနက်ဖြတ်တောက်ထားမှုအား အဆုံးသတ်ရန် ကုလသမဂ္ဂ မြန်မာဌာနေကိုယ်စားလှယ်ရုံးက မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် အပါအဝင် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းအား လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနှင့် ဖြေရှင်းပေးရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရေး စတာတွေအတွက် ရန်ကုန်ရှိ ရခိုင်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကာ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ယင်းဆန္ဒပြမှုများကြောင့်လည်း ဦးဆောင်သူများမှာ အမှုများရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ၁ နှစ်အထိ ကျခံခဲ့ရသေးသည်။
ထို့နောက် မြန်မာတစ်နိုင်ငံလုံးကို အာဏာသိမ်းယူခဲ့သော စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က ဖြတ်တောက်ထားသော ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများနှင့် ပလက်ဝဒေသတို့ကို အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
“မြန်မာတစ်နိုင်ငံလုံးမှာ အင်တာနက်ကို အချိန်ပိုင်းနဲ့ ပေးနေချိန် ရခိုင်ပြည်မှာ အင်တာနက်တွေ ပြန်ရတယ်။ နိုင်ငံတကာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး မှတ်တမ်းတွေကိုလည်း ရောက်အောင် တင်ပြနိုင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ULA/AA နဲ့ စစ်ကောင်စီက အပစ်ရပ်စဲထားတာ မဟုတ်သေးတော့ တိုက်ပွဲတွေ ကြိုးကြားကြိုးကြားရှိနေသေးတဲ့ ကာလပေါ့။ နောက်မကြာဘူး ULA/AA နဲ့ စစ်တပ်က အလွတ်သဘောနဲ့ အပစ်ရပ်စဲလိုက်ကြတယ်။ ဒါပေမယ့် တစ်နှစ်လောက်ပဲ ကြာတယ်။ တိုက်ပွဲတွေက ပြန်ဖြစ်တာပဲ။ အဲ့ဒီတိုက်ပွဲတွေ ပြန်စလိုက်တာက ရခိုင်လူမျိုးတွေအတွက်တော့ မိအေး နှစ်ခါနာ ဖြစ်ရတာပေါ့”ဟု ဦးဘိုမင်း*က ဆိုသည်။
ဦးဘိုမင်း*တစ်ယောက် ရခိုင်ဒေသခံများအနေဖြင့် မိအေး နှစ်ခါနာ ဖြစ်သည်ဟု ပြောဆိုလိုက်ခြင်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား အပစ်အခက်ရပ်စဲထားသည့် ကာလ ၆ လနီးပါးအကြာတွင် ရခိုင်ပြည်နယ်အတွင်းသို့ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် အပြင်းအထန်ဖြင့် ဝင်ရောက်လာခဲ့သည်။
ယင်းမုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသခံများသည် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို မရရှိခဲ့သလို အာဏာသိမ်းယူထားသည့် စစ်တပ်၏ ကူညီထောက်ပံ့မှုများကိုပါ မရရှိခဲ့။
ထို့ထက် ဆိုးသည်မှာ မုန်တိုင်းကာလအတွင်း ဘေးဒဏ်သင့်ရသည့် ဒေသခံပြည်သူများသို့ ကူညီကယ်ဆယ်နိုင်ရန် သွားလာကြသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများကိုပါ စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းပင်ဖြစ်သည်။
ထို့နောက် မုန်တိုင်းဒဏ်သင့်ပြည်သူများမှာ ပြန်လည်ထူထောင်ရေးကာလ မစတင်ခင် ၆ လနီးပါးအကြာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းပင် ရခိုင်ဒေသတွင်း၌ တကျော့ပြန်တိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့သည်။
လက်ရှိတွင်လည်း ဒေသတွင်းတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီမှ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသည့်အတွက် ဒေသခံများအနေဖြင့် သတင်းအချက်များရယူရန်နှင့် သတင်းအချက်အလတ်များပြန်လည် မျှဝေရန်အတွက် အခက်အခဲများရှိနေသည်။
သို့သော် စစ်ကောင်စီအခြေစိုက်သည့် မြို့တော် စစ်တွေတွင် အင်တာနက်နှင့် ဖုန်းလိုင်းများမှာ ရရှိနေဆဲ ကာလဖြစ်သည့်အတွက် ဦးဘိုမင်း*တစ်ယောက် ဇာတိပေါက်တောမှ ၎င်း၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးရုံး အခြေစိုက်ရာ စစ်တွေသို့ ပြောင်းရွှေ့လာခဲ့ကာ ရခိုင်ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီဒီယာထက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေဆဲ။
ရခိုင်ဒေသတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဘက်တိုက်ပွဲများကြားတွင် စစ်ကောင်စီ၏ ရခိုင်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို မီဒီယာထက် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြောဆိုနေသည့် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတစ်ယောက်၏ နေ့စဉ်လှုပ်ရှားမှုများသည် ယခင်နည်းတူပင်။
သို့သော် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှ ရက်စွဲတစ်ခုသည် တစ်ခြားသော နေ့စွဲများနှင့်မတူ ၎င်းအတွက် လွတ်မြောက်နယ်မြေကို ထွက်ခွာဖို့ ဖြစ်လာခဲ့သည်။
“လွတ်မြောက်နယ်မြေကို ရောက်နေတာ တစ်လကျော်လောက် ရှိနေပြီ။ လွတ်မြောက်နယ်မြေမှာ နေရတာတော့ အဆင်ပြေတယ်။ ၅၀၅ (က) နဲ့ ဖမ်းမယ်ဆိုပြီး သတင်းတွေထွက်နေလို့ စစ်တွေမှာ နေလို့ရှိရင် အဖမ်းခံရမှာ စိုးတဲ့အတွက် ထွက်လာတာပါ။ ဝရမ်းထုတ်တာမျိုးတော့ မဟုတ်သေးဘူး။ အထက်က စာရောက်နေတယ်ဆိုပြီး ရဲစခန်းက မိတ်ဆွေတစ်ယောက်က အသိပေးလာလို့ လွတ်မြောက်တဲ့ နယ်မြေကို ချက်ချင်းပဲ ရှောင်လာခဲ့တာ”ဟု ဦးဘိုမင်းက လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပုံကို ပြန်ပြောင်းပြောပြသည်။
လွန်ခဲ့သည့် ၃ လကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့နယ်တွင်ရှိသည့် ရဲရိုးပြင်ရွာကို မီးရှို့ခြင်း၊ ပေါက်တောမြို့မှ ကျောင်းဆရာမ နှစ်ယောက်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းတို့ကို ဦးဘိုမင်း*က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ပို့စ်တင်ရေးသားခဲ့သော အချက်အလက်များနှင့် ရခိုင်ပြည်နယ်၏ အမှတ်တံဆိပ်အလံကို Profile ထားခြင်း စသည့် အချက်များကြောင့် စစ်ကောင်စီက ၎င်းကို ၅၀၅ (က) နှင့် တရားစွဲဆိုရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသတွင်း လူမျိုးစုများ၏ အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို အများပြည်သူသိစေရန်အတွက် ထုတ်ဖော်ပြောဆိုသည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ဦးဘိုမင်း*ကို စစ်ကောင်စီမှ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုရန် ပြင်ဆင်နေခြင်းသည် လူ့အခွင့်အရေးကို ထပ်မံချိုးဖောက်လိုက်ခြင်းပင်ဖြစ်ဟု ဦးဘိုမင်းက ဆိုသည်။
စစ်ကောင်စီ၏ ရခိုင်ဒေသခံပြည်သူများအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများအပေါ် ယင်းကဲ့သို့ ကျူးလွန်နေမှုများကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန်အတွက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတစ်ယောက် လွတ်မြောက်နယ်မြေကို ရောက်ရှိရန်သည် လွယ်ကူရိုးရှင်းလှသည် မဟုတ်ပါ။
စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်၊ လေကြောင်းအန္တရာယ်တို့ကို များစွာဖြတ်ကျော်ခဲ့ပြီးမှသာ ၎င်းအတွက် အလုံခြုံဆုံးဟု ယူဆရသော နယ်မြေသို့ မတ်လ အစပိုင်းတွင် ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။
ဦးဘိုမင်း*ရောက်ရှိလာသော လွတ်မြောက်နယ်မြေသည် ရက္ခိုင့်တပ်တော်၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို လက်ရှိအချိန်ထိပင် ခံနေရဆဲ။
ထိုအခက်အခဲများ၊ အန္တရာယ်များနှင့်အတူ ယှဉ်တွဲနေထိုင်ရသော အသက် ၇၀ ကျော်အရွယ် ဦးဘိုမင်း*သည် ရခိုင်ပြည်တွင်းရှိ လူမျိုးစုများ၏ အခက်အခဲများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှု၊ ယင်းဒေသရှိ လူမျိုးစုများကိုယ်စား ထုတ်ဖော်ပြီး မှတ်တမ်းယူလုပ်ဆောင်ပေးဆဲပင်ဖြစ်သည်။
“လုပ်ဆောင်နိုင်စွမ်းကတော့ အသက်အရွယ်ကြီးသွားတာနဲ့ မဆိုင်ဘူး။ စိတ်နဲ့ပဲ ဆိုင်တယ်။ ကိုယ်ကတော့ ပြည်သူအတွက် အမှန်တရားကို သိရဖို့ဆိုပြီး ပြည်သူခံစားနေရတာကို မှတ်တမ်းယူနေရပေမယ့် ခံစားချက်ကတော့ မကောင်းဘူးပေါ့။ လူတွေကို သတ်တာတွေ၊ မုဒိမ်းကျင့်ခံရတဲ့ အမှုတွေနဲ့ နေအိမ်တွေ ပျက်စီးသွားတာတွေကို မြင်ရတဲ့အခါတိုင်းမှာ စိတ်မကောင်းဖြစ်ပေမယ့် ဒီစိတ်ကို ပစ်ချထားပြီး ရှေ့ဆက်ပြီး သွားနေမှာပဲ။ ရခိုင်လူမျိုးတွေ အပေါ် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှု၊ criminal case တွေကို များများ ဖော်ထုတ်နိုင်မှာဖြစ်တယ်။ ဒါမှလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတာက ဖြစ်လာမှာ”ဟု လက်ရှိဒေသတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းရယူနေသည့် အခြေအနေများကို ပြောပြသည်။
အသက် ၇၀ ကျော်အရွယ် ဦးဘိုမင်း*သည် စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်ခြင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းတို့ကြောင့် ရခိုင်ဒေသတွင်းရှိ မြို့နယ်တိုင်းတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေရမှုများကို လက်လှမ်းမမီနိုင်သည့်အတွက် ယင်းဒေသများအတွင်းသို့ပင် ကိုယ်တိုင်ကွင်းဆင်းကာ မှတ်တမ်းတင်ထားနိုင်သူဖြစ်သည်။
ထိုကဲ့သို့ သွားလာရာတွင်လည်း လမ်းခရီးမှာ အဆင်ချောလှသည် မဟုတ်။ ယခင်က ထောင်ဂဏန်းမျှသာ ရှိသော ဓါတ်ဆီတစ်လီတာအား သောင်းဂဏန်းပေးဝယ်ကာ ဆိုင်ကယ်တစ်စီးဖြင့် သွားလာလှုပ်ရှားနေဆဲပင်ဖြစ်သည်။
“ငွေကြေးလိုအပ်ချက် ရှိနေတာလေး တစ်ခုကတော့ အခက်အခဲလို့ ပြောရမလိုပဲ။ ကိုယ်တိုင်က Volunteer ဖြစ်တဲ့အတွက် တခြားသူဆီက အကူအညီတွေကို ယူနေရတာ။ ဓါတ်ဆီတစ်လီတာကို ၁၁၀၀၀/၁၂၀၀၀ ကျပ် ပေးဝယ်ပြီး သွားရတယ်။ နောက် သားသမီးတွေပေးတဲ့ ငွေကို သုံးစွဲရတာပေါ့။ စားရေးသောက်ရေးကတော့ ULAအဖွဲ့ဝင်တွေနဲ့ ရှိနေတဲ့အခါကျရင်တော့ ပူစရာမလိုဘူးပေါ့”ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးအား တန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များအတိုင်း ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂ တွင် ဖော်ပြထားသည့် လူမျိုးနွယ်၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေးယူဆချက်များအပြင် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာစသော အချက်များကို အထောက်အထားပြု၍ ခွဲခြားခြင်း မပြုစေရဆိုသော်လည်း ယင်းအပိုဒ် ၂ တစ်ရပ်လုံးအား စစ်ကောင်စီမှ ချိုးဖောက်လာခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးသော နယ်မြေများတွင် ပြည်သူများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများနှင့် တိုက်ခိုက်လျက်ရှိသလို အရေးမသာလှသော ရခိုင်စစ်မျက်နှာပြင်တွင်လည်း အရှုံးကို လက်မခံနိုင်သည့် စစ်ကောင်စီသည် ရခိုင်လူမျိုးတို့၏ တန်ဖိုးထားရသော ရှေးဟောင်းအမွေအနှစ်များကိုလည်း ပျက်စီးစေရန် ရည်ရွယ်၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဆဲပင်ဖြစ်သလို လူမျိုးရေးပဋိပက္ခများ တိုးပွားစေရန်အတွက်လည်း လှုံ့ဆော်နေမှုများရှိနေဆဲပင်။
ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုများအတွက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ပေးရန် ရခိုင်ပြည်နယ်အတွင်း တစ်ခုတည်းရှိသော လူ့အခွင့်အရေးကာကွယ်မြှင့်သူများအဖွဲ့ ဖွဲ့စည်းတည်ထောင်သူ ဦးဘိုမင်း*တစ်ယောက် ရခိုင်ဒေသခံများအပါအဝင် ပြည်တွင်းတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခရောက်နေရသော ပြည်သူများအား စစ်ကောင်စီအနေဖြင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့် အပြစ်မဲ့ပြည်သူများ မြောက်မြားစွာ သေကြေပျက်စီးစေရန် ရည်ရွယ်တိုက်ခိုက်မှုများကို မပြုလုပ်တော့ဘဲ စစ်၏ အရှုံးကို ငြိမ်းချမ်းစွာ လက်ခံသွားစေရန်အတွက် မျှော်လင့်နေသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးလှုပ်ရှားသူများ ရာနှင့်ချီရှိသော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက် အများစုသာ ဆက်လက်လှုပ်ရှားနိုင်ခဲ့ပြီး ဦးဘိုမင်းဦးဆောင်သည့် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့သည်လည်း ကျန်ရှိနေသော အဖွဲ့များထဲမှ တစ်ခုပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်တပ်မှ အာဏာမသိမ်းခင်ကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံများ၏ အောက်ဆုံးအဆင့် ၂၀ အတွင်း မပါဝင်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။
ဆီးရီးယား၊ ယီမင်၊ ဆူဒန်နှင့် မြန်မာနိုင်ငံတို့သည် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် အမြင့်ဆုံး ၄ နိုင်ငံပင်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ထိုသို့ အခြေအနေများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ဦးဘိုမင်း*တစ်ယောက် “တခါတလေ ဒေသခံတွေကျွေးတာ စားတယ်။ ဘယ်လိုပဲ ခက်ခဲပါစေ ကိုယ့်ရဲ့ ပေးဆပ်မှုတွေက တချိန်မှာ အကျိုးပြုတယ်ဆိုရင် ကျေနပ်ပါတယ်” ဟု ၎င်း၏ လုပ်ဆောင်မှုကို ဂုဏ်ယူစွာဖြင့် ပြောလေသည်။