ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မှတ်ပုံတင် စမတ်ကတ်(Smart card) မပြုလုပ်ရသေးသူများ ခရီးသွားပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လ၀က ရုံးထောက်ခံချက်တောင်းခံနေရကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင်လည်း မှတ်ပုံတင် စမတ်ကတ် ((Smart card) များ မလုပ်ရသေးသူများ ပြုလုပ်ရမည်ဟု စစ်ကောင်စီက ဖိအားပေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
“မှတ်ပုံတင် စမတ်ကတ် (Smart card ) အဓိကလုပ်ပေးတာကတော့ ပြည်သူတွေကို ပိုမိုစောင့်ကြည့်ဖို့ကြောင့်ပါ ၊အဲ့ဒါကြောင့်မှတ်ပုံတင်တွေကို အီလက်ထရောနစ် စနစ်နဲ့ နိုင်ငံသားမှတ်ပုံတင်ကတ် ကိုပြောင်းလဲထုတ်ပေးတာ၊ စောင့်ကြည်တယ်ဆိုတာကလည်း နိုင်ငံခြားကိုဝင်ထွက်သွားလာနေကြတဲ့သူတွေရယ်နောက်ပြီး၊ မှတ်ပုံတင်မလဲ တဲ့သူတွေရယ် အဓိကထားစစ်ဆေးခြင်လို့ပါ”ဟု ဗဟန်းမြို့ရှိ လ၀ကရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် အခြားမြို့များမှ ရန်ကုန်တိုင်းသို့လာရောက် အလုပ်လုပ်ကိုင်ပြီး၊ ဧည့်စာရင်းမတိုင်ထားသူများကို စစ်ဆေးရန်အတွက် စစ်ကောင်စီသည် မှတ်ပုံတင် စမတ်ကတ် ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ နောက်ပြီးဧည့်စာရင်းတွေမတိုင်တာတွေပေါ့ ၊ နယ်ကလာတဲ့သူတွေ အလုပ်လာလုပ်တယ်ဆိုပြီး ဘာမှထောက်ခံ ချက်မှလည်းမပါဘူး။ ကျွန်တော်ဘက်က ဥပဒေအရ လုပ်ရင်လည်း ကျွန်တော်တို့ဘက်က လွန်တယ်ဖြစ်မယ်။ အဲ့ဒါကြောင့် အခုလကုန်ကစပြီး ခရီးသွားမယ်ဆို မှတ်ပုံတင် စမတ်ကတ် (Smart card ) မလုပ်ရသေးဘူးဆို လုပ်ဖို့ရယ်၊ နောက်ပြီး ထောက်ခံချက်တွေရှိမှ သွားလို့ရမယ် ဆိုတဲ့ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာ” ဟု ၎င်းကပြောပါသည်။
ယင်းအပြင် စစ်ကောင်စီက ပြုလုပ်နေသည့် မှတ်ပုံတင် စမတ်ကတ်အား ပြုလုပ်သူများရှိသကဲ့သို့၊ မပြုလုပ်သူများရှိ ကြောင်း၊ မပြုလုပ်သူအများစုသည် နယ်မှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။
“ရပ်ကွက်ထဲမှာတော့ မှတ်ပုံတင် စမတ်ကတ် (Smart card ) လုပ်တဲ့သူတွေလည်းရှိတယ်။ မလုပ်တဲ့သူတွေကတော့ နယ်တွေဘက်ကနေတက်ပြီး ၊အလုပ်လာလုပ်တဲ့သူတွေ အဲ့ဒီလိုလူတွေကြ နယ်ပြန်ပြီး ပြန်လုပ်ဖို့ တွန်းအားတော့ ပေးထားတယ်။ မလုပ်ရင်နောက်ဆို အသွားအလာအဆင်ပြေမှာ မဟုတ်ဘူးလေ၊ အဲ့ဒါကြောင့် တွန်းအားပေးတာပါ ၊လက်ရှိတော့ ခရီးသွားမယ်ဆို ကျွန်တော်ဘက်ကနေ ထောက်ခံစာနဲ့ လဝက ရုံးက ထောက်ခံစာတွဲပြီး သွားလို့ရအောင် စီစဥ်ပေးတယ်”ဟု ရွှေပြည်သာမြို့နယ်ရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။
အဆိုပါ မှတ်ပုံတင် စမတ်ကတ် (Smart card ) အား ယခုနှစ် ဇူလိုင်လမှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများကို ပြုလုပ်ပေးနေခြင်းဖြစ်ကာ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့၌ ပြုလုပ်ပေးနေကြောင်း သိရသည်။
” အခု မှတ်ပုံတင် စမတ်ကတ် (Smart card ) တွေကိုထုတ်ပေးတာက၊ လက်ရှိ အာဏာသိမ်းစစ်ကောင်စီ က ပြည်သူတွေကို ပိုမိုဖိနှိပ်နိုင်ဖို့ အီလက်ထရောနစ်ဖြစ်တဲ့ စမတ်ကတ် (Smart card) ကိုပြောင်းလဲထုတ် ပေးတာ လို့မြင်တယ်” ဟု ရန်ကုန်မြို့ နေပြည်သူတစ်ဦးက ဆိုသည်။
ထိုသို့ စမတ်ကတ် (Smart card ) ပြောင်းလဲထုတ်ပေးနိုင်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်ကြိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်အကူအညီတောင်းခံခဲ့ကြောင်းလည်း MPA က စုံစမ်းသိရှိရသည်။