အောင်အတိတ်၊အောင်နိမိတ်၊အောင်ထီးရိပ်တို့ဖြင့် အောင်သီးအောင်နှံ အောင်လံလွှင့်ထူနေသော နိုင်ငံလုံးပြည့် ဩခက်စထရာစစ်ဆင်ရေးကို အောင်သပြေခက်ဝေ အောင်စိတ်ဆင်ကာ ကြိုဆိုလိုက်ကြ သည်။
နိုဝင်ဘာ၁၁ရက်နေ့။ တစ်လေးလုံး လှုပ်ရှားမှုအဖြစ် အောင်သပြေလူထုလှုပ်ရှားမှုကို တော်လှန်သော နွေဦးသပိတ်အင်အားစုတို့က ထွန်းညှိကာ နိုင်ငံတစ်ဝန်း အောင်သပြေ လူထုတိုက်ပွဲ စတင်လိုက်ကြသည်။
နိုင်ငံတစ်ဝန်းရှိ ပြည်သူများက တက်ကြွသော အောင်စိတ်ဖြင့် တစ်လှိုင်းပြီး တစ်လှိုင်း တစ်ဆင့်ပြီး တစ် ဆင့်မြင့်မားလာသော ၁၀၂၇စစ်ဆင်ရေးနှင့် ဆက်စပ်လှိုင်း၊ထောက်ခံတိုက်ပွဲများကို ကြိုဆိုခဲ့ကြသည်။လမ်းမပေါ် တက် အောင်သပြေတိုက်ပွဲမဆင်နွှဲနိုင်ကြသူများက ကိုယ့်အိမ်ဦးခန်းထက်ရှိ ဘုရားစင်တွင် အောင်သပြေ ကပ်လှူ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပါစေကြောင်း တောင်းဆုချွေကြသည်။
နိုဝင်ဘာ၁၁ရက်၊နံနက်ခင်း ပွင့်သစ်စအချိန်တွင်ပင် ပြည်သူတို့ရင်ပြင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်၌ ပွင့် ခက်ဝေနေသော အောင်သပြေပုံရိပ်တို့က Like ၍ မကုန်နိုင်။ အောင်သပြေ လူထုလှုပ်ရှားမှုသည် နီနီးစွေးစွေး။ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သော ဆရာကြီးမင်းသုဝဏ်၏ “သပြေညို”ကဗျာနှင့် အောင်သပြေပုံရိပ် တွဲဖက် ထားသော ပို့စ် တို့သည်လည်း မရေတွက်နိုင်အောင်။ “လင်းကြက်အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည်မျှော်မှန်းကာပ ရောင်နီမှာ အောင်စည်ရွမ်းရအောင် သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး” ဆိုသည့် “သပြေညို”ထဲက ကဗျာတစ်စ ပြည်သူတို့ ဘဝင်ကျခဲ့ကြသည်။
“သပြေညို” ကဗျာနှင့်အတူ နောက်ထပ် အနုပညာတစ်ပွင့် အေဝမ်းဆရာညှာ၏ “ပြည်တော်ဝင်”သီချင်း ကလည်း ပြည်သူတို့ သွေးသားထဲအထိ စီးဆင်းနေပြန်သည်။ပြည်သူတို့ ပြည်တော်ဝင်လိုကြသည်။ပြည်သူတို့ အောင်ပွဲခံလိုကြသည်။ပြည်သူ့ရင်ပြင်တွင် စစ်အာဏာရှင်စနစ်နှင့်ကျေးကျွန် ကိုယ်ကျိုးရှာငမိုက်သားတို့ကို ခုံရုံး တင် တရား စီရင်လိုကြသည်။ယင်းသည် ပြည်သူတို့၏ ပြင်းပြသော ဆန္ဒ။
ပြည်သူတို့၏ ထိုပြင်းပြဆန္ဒမှာ အိပ်မက်မဟုတ်ကြောင်း ၁၀၂၇စစ်ဆင်ရေးမှစ၍ သက်သေပြခဲ့ပြီဟု ပြည် သူတို့ယုံကြည်ကြသည်။ ၁၀၂၇စစ်ဆင်ရေး၏ အောင်မြင်မှုများနှင့်အတူ ထောက်ခံတိုက်ပွဲများ၊မြို့သိမ်းတိုက်ပွဲများ၊ မြို့တွင်းဝင်ရောက်စီးနင်းမှုများဖြင့် အောင်ပွဲတို့အလီလီ။ရှမ်းမြောက်တခွင်တွင် ရန်သူ့စခန်းများကို သိမ်းပိုက်ရုံတင် မက မြို့များကိုပါ သိမ်းပိုက်။ထိုအောင်မြင်မှုမှသည် နောက်ထပ်လှေကားထစ် စစ်ကိုင်းတိုင်း၊ကောလင်းမြို့နှင့်ခမ်း ပါတ်မြို့ သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်မှု။
နိုဝင်ဘာ ၁၀ရက်နေ့တွင် ပြည်သူ့အောင်မြေ ကောလင်းမြို့ဘက် စစ်ကြောင်းထိုးလာသော ရန်သူအင် အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို ဒေသခံPDF များ စုစည်းခွန်အားဖြင့် ချေမှုန်းခဲ့ရာ ရန်သူ ၈၀ကျော်သေဆုံးခဲ့ ခြင်းမှာ အောင်သပြေလူထုလှုပ်ရှားမှုကို ကြိုဆိုလိုက်ခြင်းဖြစ်ပြီး ပြည်သူတို့အတွက် ယုံကြည်မှု မြင့်တက်စေခဲ့ ပြန် သည်။
နိုဝင်ဘာ ၁၁ ရက်နေ့တွင်ပင် အောင်သပြေ လူထုလှုပ်ရှားမှုနှင့်အတူ ကရင်နီပြည်နယ် တော် လှန်ရေး တပ်ပေါင်းစုံက 11.11 စစ်ဆင်ရေး စတင်။ဒီးမော့ဆို၊နန်းမယ်ခုံ၊မိုးဗြဲနှင့်လွိုင်ကော်မြို့နယ်တို့ရှိ စစ် ကောင်စီတပ် စခန်းများကို တစ်ပြိုင်တည်းထိုးစစ်ဆင်ခဲ့ရာ စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် ဝေဟင်တွင် ထင်ရာစိုင်းနေသော စစ်ကောင်စီတပ် တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ခြင်း ကလည်း ပြည်သူတို့ လက်ခုပ်သံ တဖြောင်းဖြောင်း မြည်ခဲ့ရပြန်သည်။
11.11 စစ်ဆင်ရေးသည် ၁၀၂၇စစ်ဆင်ရေးနှင့် တစ်ဆက်တစပ်တည်းသော ဟန်ချက်ညီစစ်ဆင်ရေးဖြစ်သ လို မြန်မာနိုင်ငံတစ်ဝန်းရှိ များစွာသောတိုက်ပွဲတို့သည်လည်း ဟန်ချက်ညီ အထောက်အကူပြုတိုက်ပွဲများပင်ဖြစ် သည်။ထို့အတူ အောင်သပြေ လူထုလှုပ်ရှားမှုသည် စစ်ရေးတိုက်ပွဲများနှင့် ဟန်ချက်ညီ လူထုတိုက်ပွဲဖြစ်သည်။
အောင်သပြေလူထုလှုပ်ရှားမှုသည် ၁၀၂၇လှိုင်းများကို အောင်သပြေဖြင့် ကြိုဆိုခြင်းသာမက နောက်ထပ် ဆက်စပ်ရည်မှန်းချက်မှာ “ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ဆိုသည့် တိုက်တွန်းချက်ဖြစ်သည်။ စစ်တပ်နဲ့ရဲ တပ်မှူးများမှသည် တပ်သားများအထိ ပြည်သူတို့၏ အလေးအနက်တိုက်တွန်းချက်။အရပ်တကာတွင် မျက်နှာမပြရဲသည်အထိပြည်သူ့ချဉ်ဖတ်ဘဝရောက်စေပြီး တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေသော အဘစုတ်၊အဘပဲ့၊ စစ်ဗိုလ်ချုပ်ဆိုးများနှင့် ဖက်ဆစ်စစ်တပ်ကို အမြန်ဆုံးစွန့်ခွာကြရန် တိုက်တွန်းလိုက်သည်။
“စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက် ချမ်းသာရမှာ ဖြစ်ပါတယ်။ ပြည်သူများကလည်း အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာသူအပေါင်းကို နွေးထွေး၊ လှိုက်လှဲပျူငှာစွာ စောင့်ကြိုလျက်ပါ” ဟု အောင်သပြေလူထုလှုပ်ရှားမှုက ဆိုသည်။စစ်သားနှင့်ရဲအပေါင်း ပြည်သူ့ရင်ခွင် အမြန်ဆုံးဝင်ရန် အချိန်ကျပြီဟု အောင်သပြေလူထုလှုပ်ရှားမှု၏ သတိပေးချက်လည်းဖြစ်သည်။
အောင်သပြေလူထုလှုပ်ရှားမှုသည် အမြင့်ဆုံး ဒီတက်လာသော ပြည်သူတို့၏ နိုင်ငံရေးတက်ကြွ မှုဖြစ်သည်။ အောင်သပြေလူထုလှုပ်ရှားမှုသည် ကိုယ့်အနာဂတ်ကိုယ် ရဲရဲကြီးယုံကြည်နေသော ပြည်သူတို့၏ စိတ်ခွန်အားဖြစ်သည်။ အောင်သပြေလူထုလှုပ်ရှားမှုက ဒီမိုကရေစီအရေးတော်ပုံ အောင်နေပြီဟု တင်ကြိုကြွေးကြော်လိုက်ခြင်းလည်းဖြစ် သည်။အောင်သပြေလူထုလှုပ်ရှားမှုက ဆက်လက်ညီညွတ်ကြရန်၊ ဆက်လက် ပေါင်းစည်းကြရန်၊ဆက်လက်တောင့်ခံကြရန်နှင့် ဆက်လက်တိုက်ပွဲဝင်ကြရန် ပြည်သူတို့၏ တွန်း အားပေးချက်ဖြစ်ပြီး ယင်းမှသည် ဆက်လက်အောင်ပွဲခံမည်ဖြစ်ကြောင်း မောင်းခတ်လိုက်ခြင်းလည်းဖြစ်သည်။