စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဇူလိုင်လတတိယပတ်က စတင်ပြီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ကျေးရွာအချို့ မီးလောင်ပျက်စီးခဲ့ရကာ အပြစ်မဲ့ အရပ်သားများသေဆုံးခဲ့ရသည်။ ကနီမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရပုံများကို ပြည်သူလူထုဘက်မှ ကာကွယ်တိုက်ခိုက်ပေးခဲ့သော ပြည်သူ့တော်လှန်ရေးသမားတစ်ဦးကို MPA က ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ ကနီနယ်မှာ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်ပွားရတာလဲ။
ဖြေ။ ။ကနီမှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ဒီအစောပိုင်းကာလမှာ စစ်တပ်က သူနဲ့ ဆိုင်တဲ့ ဦးပိုင်လို အဖွဲ့အစည်းတွေက ကနီရဲ့ အထက်ကျောက်မှော်တွေကို ကျောက်မိုင်းတွေဆင်ပြီး ကုန်တင်တဲ့သင်္ဘောကြီးမျိုး သုံးစင်းနဲ့ နောက် လက်နက်တင်ထားတဲ့ လေးစီးနဲ့ လာတဲ့အခါ ကနီက အဖွဲ့တွေနဲ့ တိုက်ကြတယ်။ တိုက်တဲ့ အခါမှာ ကုန်တင်သင်္ဘောတွေက ပြန်လှည့်သွားတယ်။ မိုင်းဆွဲတဲ့နေရာမှာ သုံးတဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတချို့ရလိုက်တယ်။ အဲဒီကနေစပြီး ကနီတိုက်ပွဲတွေ စဖြစ်တော့တာပဲ။
မေး။ ။ စစ်တပ်က လူထုကို ပစ်တယ်လည်း ကြားရတယ်။ အခြေအနေလေး ရှင်းပြပါဦး။
ဖြေ။ ။ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ တစ်လျှောက်လုံး ဒီကောင်တွေက ပြည်သူလူထုရယ်၊ လက်နက်ကိုင်ရယ်လို့ မခွဲဘဲ အကုန်သိမ်းကျုံး ဆော်နေတာပဲ။ ဒီကာလ တစ်လျှောက်လုံး တော့ ကနီနဲ့ နီးစပ်တဲ့ ရွာတွေ ချင်းတွင်း မြစ်ရိုးတစ်လျှောက်က ရွာတွေမှာ ပိုပြီးတော့ ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
မေး။ ။ ကနီမှာ ရွာတွေလူတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ။ ။ အဲတာကတော့ ဟုတ်တယ်ဗျ။ ကျွန်တော်တို့ တစ်ခါဆိုရင် စစ်တပ်က အထက်ကနေ သယ်လာတဲ့ ကျောက်သင်္ဘောတွေကို ပစ်တဲ့အခါမှာ ပစ်တဲ့ ရွာတွေကို ကမ်းကပ်တယ်။ ကမ်းကပ်ပြီးတော့ ဓာတ်ဆီလောင်း မီးရှို့တာတို့၊ လက်နက်ကြီးနဲ့ ထုတာတို့လုပ်တယ်။ လူတွေကို ဖမ်းတယ်၊ သတ်တာမျိုးလည်း လုပ်တယ်။ ဘယ်လောက်ထိ လုပ်လဲဆိုတော့ ကျွန်တော်တို့ အစက သုံးသပ်တာတော့ ကနီက ကျောက်တွေ သယ်ချင်တာပေါ့။ ချင်းတွင်းမြစ်ကနေ ကျောက်တွေ သယ်ထုတ်ပြီး သူတို့အတွက် ဘက်ဂျက်တွေရမယ်ပဲ တွေးခဲ့တာ။ နောက်တော့ ကနီနယ်က နေရာအများစုကို စစ်တပ်က ထိန်းချုပ်နိုင်သလိုဖြစ်နေပြီ။ ကနီရဲ့တချို့နေရာတွေမှာ ခု အင်တာနက်လိုင်း ဖုန်းလိုင်းမကောင်းတော့ဘူး။ ကျွန်တော်တို့ ကြားရတဲ့သတင်းတွေအရ ဖြတ်လေးဖြတ်ပုံစံမျိုး ကြားနေရတယ်။
မေး။ ။ ကနီတိုက်ပွဲတွေမှာ စစ်တပ် နဲ့ ဘယ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာလဲ။
ဖြေ။ ။ ကနီမှာက ကနီ PDF အပြင် သီးခြားအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ နယ်ခံအဖွဲ့တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။
မေး။ ။ လက်ရှိ ကနီရဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကနီမှာ လက်ရှိ ဒီကောင်တွေက အဓိက နေရာအတော်များများကို တပ်စွဲထားတယ်။ အခု ရက်ပိုင်းအတွင်း ဒီကောင်တွေ အင်အား ၄၀၀ လောက် တိုးလာတယ်။တပ်ပြောင်းတပ်လွှဲ လုပ်တာလား၊ အင်အားတိုးတာလား ကျွန်တော်လည်း သေချာမသိဘူး။ အစက ထင်တာက ဒီကောင်တွေက အာဆီယံ လမ်းမကြီးကို နေရာယူပြီး တပ်စွဲမယ်လို့ မှန်းထားတာ တကယ်လည်း ဖြစ်လာတယ်။ဒီကောင်တွေ အခု အာဆီယံ လမ်းမကြီးမှာ တပ်စွဲထားတယ်။ အခု တပ်စွဲထားတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ခိုးပြီး ထုတ်ဖို့ ကျန်ခဲ့တဲ့မြေအောက် ရေနံကြောကြီး တစ်ကြော ရှိတယ်။ ကျွန်တော်တို့ ကြားဖူးတာက မြစ်ပုံစံကြီးတဲ့။ ဒါက ကြားဖူးတာနော်။ ကျွန်တော့်အထင် ဒီကောင်တွေ ဒါကို ခိုးထုတ်တော့မယ်နဲ့တူတယ်။ ခုရက်ပိုင်းမှာဆို ကနီကောင်းကင်မှာ ညတွေ၊ နေ့လယ်တွေ Drone ခဏခဏ ပျံနေတာ တွေ့ရတယ်။ ပြီးတော့ နေရာတချို့မှာ ဖုန်းလိုင်းတွေ ဖြတ်ပစ်ထားတယ်။ ကနီမှာက အများစုကို တပ်စွဲထားတဲ့အတွက် ရိက္ခာပိုင်းမှာ ပြဿနာ တက်တယ်။ ကနီမှာက အားလုံးနီးပါးက စစ်ဘေးရှောင်ဖြစ်သွားတယ်။ ဒီကောင်တွေက မြို့ပေါ်မှာ ဆို သူတို့ ဝင်တဲ့ ရွာတွေ အကုန်ဖျက်ပစ်တာ။ နောက်ဆုံး ရှိသမျှကို ဆယ်ဘီးကားနဲ့ပါ တိုက်ထုတ်တယ်။
မေး။ ။ ကနီနယ်က တိုက်ပွဲတွေကို တော်လှန်ရေးသမားတွေ အနေနဲ့ ဘယ်လို ရင်ဆိုင်ခဲ့ရပါလဲ။ ဘာအခက်အခဲတွေ ရှိလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ လက်နက် အင်အား မမျှတာ အဓိက ဖြစ်တယ်။ ကျွန်တော်တို့က တူမီးတွေ၊ တစ်တောင့်ထိုး တစ်ချက်ပစ်တွေနဲ့ ပစ်နေရတယ်။ ပြီးတော့အ ထောက်အပံ့တွေလည်း အခက်အခဲဖြစ်တယ်။ ရာသီဥတုကလည်း မိုးတွင်းဆိုတော့ ကိုယ့်ဘက်မပါတာ များတယ်။
မေး။ ။ တော်လှန်ရေး သမားတစ်ယောက်အနေနဲ့ ပြည်သူလူထုအပေါ် ဘယ်လို သတင်းစကားပါးချင်ပါလဲ ။
ဖြေ။ ။ ကနီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းစကားပါးချင်လဲ ဆိုရင် ဒီကောင်တွေက အခု ကျွန်တော်တို့ မှန်းထားတာပေါ့နော်။ အာဆီယံလမ်းမကြီးဘေးမှာ အာဆီယံက သတ်မှတ်ထားတဲ့ သဘာဝဘေးမဲ့သစ်တောတစ်ခုရှိတယ်။ အရင်ကာလ တစ်လျှောက်လုံး သစ်တွေအရမ်းထွက်တယ်။ မဟူတောင်ရိုးမှာ ရေနံကြောကြီးရှိတယ်။ ဒီကောင်တွေ ဒါကို ခိုးထုတ်မယ်ထင်တယ်။ တကယ်သာဆိုရင် ဒီကောင်တွေ အတော်တောင့်သွားမယ်။ ပြည်သူလူထုက လက်ရှိအချိန်မှာ ကိုဗစ်အကျပ်အတည်းရယ်၊ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် အကျပ်အတည်းရယ် ကြုံနေရတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လုပ်တဲ့အလုပ်ကို ဆက်လုပ်သွားမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုက အရင်ကာလကတည်းက PDF တို့၊ တခြား သီးခြားအဖွဲ့တွေကို ပြောရလောက်အောင် အထောက်အပံ့တွေ ပေးမနေဘူး။ ပြည်သူလူထုက NUG ကိုပဲ အများဆုံး ထောက်ပံ့နေတယ်။ ဒါကို ကျွန်တော်တို့က အပြစ်မပြောပါဘူး။ သူတို့ NUG ကို အားကိုးရှာတယ်။ သူတို့ အားကိုးတဲ့အဖွဲ့အစည်းကို ထောက်ပံ့တာကို နားလည်ပါတယ်။ ဒါနဲ့ ပတ်သက်ရင် ပြောစရာမရှိပါဘူး။ ပြောချင်တာတော့ NUG ပါ။ လက်ရှိ မြေပြင်မှာ တိုက်နေတဲ့ PDF တို့၊ သီးခြားအဖွဲ့အစည်းတို့ကို ကောင်းကောင်းထောက်ပံ့တာ မရှိခဲ့ဘူး။ အဖွဲ့အစည်း အများစုနဲ့တော့ ချိတ်ဆက်တယ်။ စကားတွေပြောတယ်။ Zoom Meeting တွေလုပ်တယ်။ ကျွန်တော်တို့လည်း တက်ရတယ်။ ဒါပေမဲ့ ဘာအထောက်အပံ့မှ မရှိဘူး။ ဖြစ်နိုင်ရင်တော့ အထောက်အပံ့ နည်းနည်းရချင်တယ်။ အဲဒါ မှလည်း ကောင်းကောင်းတော်လှန်နိုင်မယ်။ ကျွန်တော်တို့ကတော့ အဖိနှိပ်ခံ ပြည်သူတွေမလွတ်လပ်မချင်း တိုက်ပွဲဆက်လက်ဝင်သွားမယ်။
#KaniPDF #MPA #Interviews